အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းတဲ့ UNOCHA ကူညီရေးအစီအစဉ်အတွက် ဖိတ်ခေါ်မှု အရပ်ဘက်အဖွဲ့တွေ ငြင်းဆို

အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းတဲ့ UNOCHA ကူညီရေးအစီအစဉ်အတွက် ဖိတ်ခေါ်မှု အရပ်ဘက်အဖွဲ့တွေ ငြင်းဆို

ကုလသမဂ္ဂလူ သားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှုကူညီထောက်ပံ့ရေး အစီအစဉ်တစ်ခုမှာ ကိုယ်စားလှယ်အနေနဲ့ မပါဝင်နိုင်ဘူးလို့ တနင်္သာရီတိုင်း အရပ်ဘက်အဖွဲ့အစည်းတွေက အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး ငြင်းဆိုပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဆောင်ရွက်မယ့် AHCT (Aera of Humanitarian Country Team) အခင်းအကျင်းမှာ တနင်္သာရီဒေသ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်မှာ မဟုတ်ဘူးလို့ CSO Nexus Consortium Tanintharyi က ထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိမြန်မာနိုင်ငံက ပြည်သူတွေ ခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ အဓိကတရားခံဟာ စစ်တပ်ဖြစ်ပြီး ဒီလိုအကြမ်းဖက်စစ်တပ်နဲ့  UNOCHA က လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ်တွေ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာကို လက်ခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။

UNOCHA အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ပံ့ပိုးမှုတွေလုပ်ဖို့ နိုင်ငံအဆင့်၊ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ အရှေ့တောင်ပိုင်းဆိုပြီး ဇုန်ငါးနေရာခွဲပြီး ဆောင်ရွက်တဲ့အစီအစဉ်ကို AHCT -Area of Humanitarian Country Team လို့ သတ်မှတ်ထားပြီး ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းဇုန်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းက အရပ်ဘက်အဖွဲ့တွေကို တစ်ဖွဲ့တစ်ဦးစီနဲ့ လေးဦးဖိတ်ခေါ်ပြီး အဲဒီအထဲကမှ ကိုယ်စားလှယ်တစ်ဦးကို ပြန်လည်ရွေးချယ်ကာ UNOCHA အကြီးအကဲနဲ့အတူ အဲဒီဒေသက လိုအပ်ချက်တွေကို ဆွေးနွေးဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်ကို ဒေသတွင်း အရပ်ဘက် ၁၁ ဖွဲ့ပါဝင်တဲ့ CSOs Nexus Consortium – Tanintharyi က ပူးပေါင်းဖို့ ငြင်းဆိုထားတာပါ။

UNOCHA အကြီးအကဲ Mr Martin Griffiths နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီနှစ် ဩဂုတ်လ ၁၅ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံပြီး လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းစာမှာဖော်ပြခဲ့ပါတယ်။

UNOCHA ကတော့ အဲဒီလိုသွားရောက်တာဟာ ထောက်ပံ့ကူညီရေးတွေကို ပိတ်ပင်ကန့်သတ်ထားတဲ့ ဗျူရိုကရက် အတားအဆီးတွေကို စိုးရိမ်ပူပန်ကြောင်းထုတ်ဖော်ပြခဲ့ပြီး ထောက်ပံ့ကူညီရေးတွေ တိုးချဲ့လုပ်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုလို့ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတစ်ဝန်းမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေအတွက် ဘေးကင်းပြီး ရေရှည်တည်တံ့တဲ့ ပံ့ပိုးကူညီမှုတွေကို ပေးနိုင်ဖို့အတွက် အရေးကြီးတယ်လို့လည်း UNOCHA က ဆိုပါတယ်။

UNOCHA က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဟာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာကူညီမှုဆိုင်ရာအကြပ်အတည်းကို လျော့ပါးစေရမယ့်အစား စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြု ထောက်ခံအားပေးရာ‌ ရောက်လို့  ရက်စက်ကြမ်းကြုတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာမှာကိုလည်း အလွန်အမင်းစိုးရိမ်တယ်လို့  CNC Tanintharyi ကဆိုပါတယ်။

UNOCHA ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ နှစ်သန်းနီးပါးရှိလာပြီး အဲဒီအထဲက ၁ ဒသမ ၇ သန်းနီးပါးဟာ အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly