တောင်တရုတ်ပင်လယ်၌ သင်္ဘောဖြင့် တိုက်မိ၍ ဖိလစ်ပိုင်ငါးဖမ်းသမား ၃ ဦး သေဆုံး

By AFP
04 October 2023
တောင်တရုတ်ပင်လယ်၌ သင်္ဘောဖြင့် တိုက်မိ၍ ဖိလစ်ပိုင်ငါးဖမ်းသမား ၃ ဦး သေဆုံး
ပုံအညွှန်း − ပြီးခဲ့သောလကတောင်တရုတ်ပင်လယ်တွင်အလုပ်လုပ်ကိုင်ခဲ့သည့်ဖိလစ်ပိုင်ငါးဖမ်းသမားများ (Photo: AFP)

တောင်တရုတ်ပင်လယ်ပြင်တွင် နိုင်ငံခြား ကော်မာရှယ် သင်္ဘောတစင်းက ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောတစင်းကို ဝင်တိုက်မှု ဖြစ်စဉ် ဖြစ်ပြီးနောက် ဖိလစ်ပိုင်ငါးဖမ်းသမား သုံးဦး သေဆုံးခဲ့ရကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ပြောသည်။

ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်း၏ မလှမ်းမကမ်း၊ Scarborough သောင်ခုံ၏ အနောက်မြောက်ဘက် ၁၆၀ ကီလိုမီတာ (မိုင် ၁၀၀) ခန့်အကွာတွင် အောက်တိုဘာ ၂ ရက် အရုဏ်ချိန်မတိုင်မီက ထိုဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်သည်။

ငါးဖမ်းသင်္ဘောကို ငါးဖမ်းရာတွင် အသုံးပြုသည့် payao ဟု သိကြသော ရေပေါ်ပစ္စည်းတခုနှင့် ကြိုးဖြင့် ဆိုင်းထားခဲ့သည်။

“ဖြစ်စဉ်ကြောင့် ငါးဖမ်းသင်္ဘော နစ်မြှုပ်သွားလို့ သင်္ဘောကပ္ပတိန် အပါအဝင် သုံးဦး သေဆုံးခဲ့ရပါတယ်” ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

အခြား အသက်ရှင်လွတ်မြောက်သည့် အမှုထမ်း ၁၁ ဦးက အရွယ်အစားသေး ငါးဖမ်းလှေများကို သုံးပြီး အလောင်းများကို ဆယ်ယူကာ ပန်ဂါဆီနန်ပြည်နယ် အင်ဖန်တာ အရပ်သို့ သယ်ဆောင်ခဲ့ကြသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် ကော်မာရှယ် သင်္ဘောသည် ပြည်ပအလံလွှင့်သင်္ဘောဖြစ်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသော်လည်း ယင်းသင်္ဘော မည်သည့်နိုင်ငံကလဲ ဆိုသည်ကို ပြောဆိုခြင်း မ ရှိပေ။

ပင်လယ်ရေကြောင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ငါးဖမ်းသမားများ၏ ပြောဆိုချက်များကို အပြန်အလှန် စစ်ဆေးပြီးနောက် ဖြစ်စဉ် ဖြစ်ပွားချိန်က ယင်းဧရိယာတွင် မာရှဲလ်ကျွန်းစု အလံအောက်တွင် မှတ်ပုံတင်ထားပြီး Pacific Anna ဟု ခေါ်သည့် ရေနံစိမ်းတင် သင်္ဘောတစင်း ရှိနေခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

ယင်းသင်္ဘော၏ နောက်ဆိုက်ကပ်မည့် ဆိပ်ကမ်းတွင် အာဏာပိုင်များက သင်္ဘောပေါ် တက်လိမ့်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

တောင်တရုတ်ပင်လယ်သည် ကမ္ဘာ့အရေးအပါဆုံး သင်္ဘောကုန်စည်ပို့ဆောင်မှု လမ်းကြောင်းများအနက် တချို့ ရှိနေပြီး ယင်းတွင် နှစ်စဉ် ဒေါ်လာ ထရီလီယံနှင့်ချီသည့် ကုန်သွယ်မှုများ ဖြတ်သန်းနေသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က ပြောပြီး ပြည်သူများအနေဖြင့် ထင်ကြေးပေးမှန်းဆမှုများ မလုပ်ကြရန် တိုက်တွန်းသွားသည်။

Scarborough သောင်ခုံသည် မနီလာနှင့် ပေကျင်းအကြား တင်းမာမှု၏ ရင်းမြစ်တခု ဖြစ်နေခဲ့သည်။
တရုတ်သည် ၂၀၁၂ ခုနှစ်က ထိုကျောက်တန်းများအဝိုင်းကို ဖိလစ်ပိုင်ထံမှ သိမ်းပိုက်ထားခဲ့ပြီး ယင်းနောက်မှစပြီး ဧရိယာတွင် ကင်းလှည့်သင်္ဘောများ ဖြန့်ကျက်ခဲ့သည်။

Three Filipino fishermen dead after boat 'rammed' in South China Sea

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly