မုံရွာ-ယာကြီးလမ်းရှိ အောင်ဇေယျတပ်ကုန်းကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်၊ ရဲ ၃ ဦး သေဆုံးပြီး သေနတ် ၃ လက်ရရှိ

By လွှမ်းမိုး (မဇ္ဈိမ)
03 October 2023
မုံရွာ-ယာကြီးလမ်းရှိ အောင်ဇေယျတပ်ကုန်းကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်၊ ရဲ ၃ ဦး သေဆုံးပြီး သေနတ် ၃ လက်ရရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊ မုံရွာ-ယာကြီးလမ်းပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲ ထားသည့် အောင်ဇေယျတပ်ကုန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲသုံးဦးသေဆုံးပြီး သေနတ်သုံးလက် သိမ်းဆည်းရမိသည်ဟု ချိုမိုင်မိုင်(ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစု)အဖွဲ့ တာဝန်ရှိသူထံမှ သိရ သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်သားများသည် အောင်ဇေယျတပ်ကုန်း စစ်ဆေးရေးဂိတ်အနောက် ဘက်တွင် ခရီးသွားပြည်သူများထံမှ အကြမ်းဖက် ဆက်ကြေးတောင်းခံနေသူများဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ အထူးကွန်မန်ဒို ရဲဘော်ခုနစ်ဦးနဲ့  ခုနစ်မီတာအကွာအဝေးကနေ တေ့ပြီးပစ်ခတ်ခဲ့တာဖြစ်ပါ တယ်။ ပစ်ခတ်မှုကြာချိန် ခုနစ်မိနစ်သာရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ပြန်လည်ပစ်ခတ်တာ တွေလုပ်ခဲ့ပါတယ်” ဟု မဟာမိတ်တပ်ပေါင်းစုအဖွဲ့တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုအတွင်း ဒုရဲအုပ်တဦးနှင့် ရဲတပ်သားနှစ်ဦးသေဆုံးခဲ့ပြီး G-3 နှစ်လက်၊ အူဇီ(Uzi) တလက် ၊ G3 ကျည် ၁၀၂ တောင့် ၊ အူဇီကျည် အတောင့် ၂၀ တို့ကို သိမ်းဆည်းလိုက်နိုင်သည်ဟု သိရသည်။

“နေရာက အဝင်အထွက် အရမ်းကို အန္တရာယ်များတဲ့ နေရာပါ။ စစ်ကောင်စီတပ်အနေနဲ့ လက်နက်ကြီး တွေနဲ့ ကျကျနနအထိုင်ချတပ်စွဲနေတဲ့နေရာသုံးခုဖြစ်တဲ့ အမှတ်(၂၈)ရဲတပ်ရင်း၊ သီတဂူဘုန်းကြီးကျောင်း နဲ့ ကွန်ပျူတာကျောင်းရဲ့အလယ်မှာ ဝင်ပြီးပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဝင်လမ်း၊ ဆုတ်လမ်း အတွက် အရမ်းအန္တရာယ်များတာ ဖြစ်တယ်” ဟု ချိုမိုင်မိုင်အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ချိုမိုင်မိုင်(ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစု)က ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး စနစ်တကျ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည့်အတွက် ကာကွယ်ရေရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း သိရ သည်။
၎င်းတို့အနေဖြင့် မစ်ရှင်များဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် ကျည်ဝယ်ယူရန် ငွေကြေးအခက်အခဲ များရှိနေကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required