စစ်တွေတွင် စက်လှေနစ်မြုပ်မှု လူသေအလောင်းများ ထပ်မံရရှိ

စစ်တွေတွင် စက်လှေနစ်မြုပ်မှု လူသေအလောင်းများ ထပ်မံရရှိ

 

စစ်တွေ၊ ဧပြီ ၂၀ ။              ။ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က စစ်တွေဒုက္ခသည်စခန်းအနီး သဲချောင်းမြစ်ဝ အနီးတွင် နစ်မြုုပ်ခဲ့သည့် စက်လှေပေါ်မှ နောက်ထပ်လူသေအလောင်းများကို ထပ်မံရရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသူ သက္ကယ်ပြင် ဒုက္ခသည်စခန်းက ဦးမောင်မောင်က ပြောသည်။

"ကျွန်တော်တို့ ဒီနေ့နေ့လည် ၁၁ နာရီအထိ ပြုစုထားတဲ့ စာရင်းအရ အလောင်းတွေ့ရှိပြီး သေဆုံးသူ မ ၁၄ ဦး၊ ကျား ၈ ဦး အဲဒီအထဲမှာ ကလေးငယ် ၁၀ ဦးလောက်ပါရှိပါတယ်၊ စုစုပေါင်း ၂၂ ဦးပေါ့ သေဆုံးသူက။ ရှင်ကျန်ရစ်တဲ့သူကတော့ စာရင်းအတိကျ မရလိုက်ကြဘူး အကုန်လုံး ကယ်ဆယ်ရေးကိုပဲ ဦးစားပေးနေကြတော့ သိထားသလောက်တော့ ၁၇ ဦးပဲ ‘’ ဟု ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသူ သက္ကယ်ပြင် ဒုက္ခသည်စခန်းက ဦးမောင်မောင်က မဇ္ဈိမကို ပြောကြားခဲ့သည်။

 

အလောင်းမရရှိသေးသည့် မိသားစုဝင်များအပါအဝင် ကယ်ဆယ်ရေးပြုလုပ်သူများကပါ စစ်တွေပွိင့်၊ အငူမော်၊ ပင်လယ်ကမ်းခြေ တစ်လျှောက် ရှာဖွေမှုများကို ဆက်လက်ပြုလုပ်နေကြပြီး လူပေါင်း ၇၀ နီးပါး သေဆုံးနိုင်ဖွယ် ရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူ ဦးမောင်မောင်က ဆက်လက်ပြောကြားခဲ့သည်။

သေဆုံးသူများခဲ့ရခြင်းမှာ လူကို ကယ်ဆယ်ရရှိသည့် နေရာနှင့် ကမ်းမြေပြင်သည် တစ်မိုင်လောက်ဝေးကွာပြီး နစ်မြုပ်သူများကို ထမ်းလာကြသည့်အခါ လယ်ကန်သင်းများတွင် ချော်လဲခြင်း၊ အလယ်တွင် မြစ်ရေ ခံနေမှုများကြောင့် ကုန်းတစ်တန်ရေတစ်တန် သယ်ယူခံရသည့် ဒဏ်များပါ ရောထွေပြီး သေဆုံးသွားကြခြင်းဖြစ်သည်ဟု ကယ်ဆယ်ရေး ဆောင်ရွက်သူများက ပြောသည်။

နစ်မြုပ်ခဲ့သည့် စက်လှေမှာ ပေါက်တောမြို့နယ် ဆင်တက်မော်ကျွန်းရွာ၊ ငှက်သိုင်းချောင်းဘက်က လာရောက်ခြင်းဖြစ်ပြီး ၊ စက်လှေပေါ်တွင် လိုက်ပါလာသူများ၏ ထွက်ဆိုချက် အရ တစ်ဦးကို ခရီးစရိတ် ၁၀၀၀၀ ကျပ်စီပေးခဲ့ကြပြီး လူပေါင်း ကိုးဆယ်နီးပါး လိုက်ပါခဲ့နိုင်ဖွယ်ရှိသည်ဟု အသက်ရှင်ကျန်ရစ်သူများက ခန့်မှန်းပြောဆိုကြသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်လှအောင်က “ အဓိကတော့ ကျွန်တော်တို့တွေကို မြို့ထဲဘက် ဆိပ်ကမ်းအတိုင်း ဝင်ရောက်ခွင့်မပြုလို့ ဒီလို လှိုင်းလေဆိုးတဲ့ နေရာဘက်က အရဲစွန့်ပြီး ကပ်တော့ လှေတွေမှောက်ကုန်ကြတာပေါ့။ အစိုးရ ကသာ ကျွန်တော်ကိို့ လုံခြုံစိတ်ချစွာ သွားလာခွင့်ရအောင် စီစဉ်ပေးရင် ဒီလိုမျိုးဖြစ်စဉ် မဖြစ်ပါဘူး “လို့ စက်လှေနစ်မြုပ်ရခြင်းနဲ့ ပါတ်သက်ပြီး ပြောသည်။

စစ်တွေမြို့တွင် ဈေးဝယ်ရန်နှင့် ဆေးကုသမှုခံယူခြင်းများပြုလုပ်ရန်အတွက် ဧပြီ ၁၉ရက်နေ့က ထွက်ခွာလာရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required