စစ်ကောင်စီ၏ "ဒရူခ" ခြေကုပ်စခန်းကို KIA နှင့် KPDF တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်မှ ၁၀ ဦး ကျဆုံး  

By အဂမ် (မဇ္ဈိမ)
23 September 2023
စစ်ကောင်စီ၏ "ဒရူခ" ခြေကုပ်စခန်းကို KIA နှင့် KPDF တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်မှ ၁၀ ဦး ကျဆုံး  

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့တောင်ဘက်ရှိ   "ဒရူခ"  စစ်ကောင်စီတပ် စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ထံမှ မော်တာကျည်ကဲ့သို့သော လက်နက်ခဲယမ်းသေတ္တာ ၁၂ လုံး အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကို KIA နှင့် KPDF  တို့က ရရှိခဲ့ကြောင်း ရုပ်သံနှင့် ဓာတ်ပုံ မှတ်တမ်းများလည်း တွေ့ရသည်။

ဆွမ်ပရာဘွမ်မြို့တောင်ဘက် ၂၈ မိုင်အကွာရှိ ဒရူးခရွာအနီး ချောင်းကူးတံတားထိပ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ထိုင်သော တပ်စခန်းကို KIA တပ်မဟာ (၁) လက် အောက်ခံတပ်ဖွဲ့ဝင်များနှင့် KPDF များက စက်တင်ဘာ ၂၀ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေးရုံး သတင်းရင်းမြစ်က ပြောသည်။ 

အမည်မဖော်လိုသည့် KIA စစ်ရေးရုံးသတင်းရင်းမြစ်က “ကျနော်တို့က ဒရူးခ(ရွာ)လို့လည်း ပြောတယ်။ ဒရူးယားလို့လည်း ပြောတယ်။ အဲဒီ တံတားထိပ်က တပ်စခန်းဂိတ်ကို ဝင်သိမ်းတာ ဟုတ်တယ်။ တိုက်ပွဲက မနက်မိုးမလင်းခင်ကနေ နေ့လယ်လောက်အထိ တိုက်တယ်ဆိုတဲ့သတင်းတော့ ရပါတယ်” ဟု ပြောသည်။

ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ စခန်းကို သိမ်းပိုက်ပြီးနောက် စခန်းမထိုင်ဘဲ ပြန်ဆုတ်ခဲ့သည့် ဟု KIA စစ်ရေးရုံးမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီ တပ်စခန်းကို ဦးစီးသူ အရာခံဗိုလ်အဆင့်ရှိသူတဦးကိုလည်း ဖမ်း ဆီးထားကြောင်း KIA/KPF ဘက်က သတင်းရင်းမြစ်က ပြောသည်။

၎င်းက “ထိခိုက်ကျဆုံးမှုတွေကို အသေးစိတ်မသိပါဘူး။ အရာခံဗိုလ်တယောက် ဖမ်းမိတယ်ဆိုတာတော့ ပြောကြတယ်” ဟု ဆိုသည်။

တိုက်ပွဲအတွင်း KIA/KPDF ဘက်က CDM တပ်သား တဦး သေဆုံးပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားစဉ် အဆိုပါနေရာတဝိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပျံဝဲခဲ့သော်လည်း မိုးသည်းထန်စွာရွာနေ၍  ပစ်ခတ်မှုမရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

ကချင်နိုင်ငံရေး လေ့လာသုတေသီတစ်ဦးကတော့ " အခြေအနေတခုမှာ KIA တို့က မြစ်ကြီးနား ၊ ပူတာအို လမ်းပိုင်း ကို ထိန်းချုပ်မှု ချဲ့ထွင်ခြင်းဖြစ်နိင်ကြောင်း ပါ" လို့ ဆိုထားသည်။

လက်ရှိတွင် ထိုဒေသ၌ စစ်ရေးအခြေအနေ ပြန်လည်ငြိမ်သက်နေကြောင်း  ဒေသခံများက ဆိုကြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#KIA 
#KPDF
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required