စစ်ကောင်စီ လူ့အခွင့်အရေးကော်မရှင်ကို အာရှပစိဖိတ်ဖိုရမ်သို့ ဖိတ်ကြားထားမှုကို ပြန်လည်ရုပ်သိမ်းရေး အရပ်ဖက်လူမှုအဖွဲ့များ တိုက်တွန်း

စစ်ကောင်စီ လူ့အခွင့်အရေးကော်မရှင်ကို အာရှပစိဖိတ်ဖိုရမ်သို့ ဖိတ်ကြားထားမှုကို ပြန်လည်ရုပ်သိမ်းရေး အရပ်ဖက်လူမှုအဖွဲ့များ တိုက်တွန်း

အာရှပစိဖိတ်ဖိုရမ် (APF) ၏ ၂၈ ကြိမ်မြောက် တနှစ်တာ အထွေထွေ အစည်းအဝေးနှင့် နှစ်နှစ်တကြိမ် ပြုလုပ်သည့် ကွန်းဖရင့်သို့ စစ်ကောင်စီ ထိန်းချုပ်သည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ဖိတ်ကြားထားမှုကို ပြန်လည် ရုပ်သိမ်းပယ်ဖျက်ရန် မြန်မာအရပ်ဖက် လူမှုအဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုထားသည်။

မတူညီသည့် နောက်ခံအသီးသီးမှ လာသည့် မြန်မာ အရပ်ဖက်လူမှုအဖွဲ့အစည်း ၂၀ ပါသည့် အစုအဖွဲ့တခုဖြစ်သည့် လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေး အင်စတီကျူးရှင်း (မြန်မာ) ဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်း (အလုပ်အဖွဲ့) က စက်တင်ဘာ ၁၈ ရက် ရက်စွဲဖြင့် APF ထံ အိတ်ဖွင့်ပေးစာတစောင်ပေးပို့ပြီး တောင်းဆိုမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၀ နှင့် ၂၁ ရက် အိန္ဒိယတွင် ကျင်းပမည့် ၂၈ ကြိမ်မြောက် APF တနှစ်တာ အထွေထွေအစည်းအဝေးနှင့် နှစ်နှစ်တကြိမ် ပြုလုပ်သည့် ညီလာခံသို့ စစ်ကောင်စီ ထိန်းချုပ်သည့် MNHRC ကို APF က ဖိတ်ကြားခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း အဆိုပါ အရပ်ဖက်လူမှုအဖွဲ့အစည်းများက စာထဲတွင် ရေးသားထားသည်။

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့၏ တရားဝင်အသိအမှတ်ပြုမှုဆိုင်ရာ ကော်မတီခွဲ (GANHRI-SCA) က MNHRC အပေါ် အထူးသုံးသပ်ခြင်း၏ ရလဒ် ထွက်မလာမီ အတောအတွင်း MNHRC ကို အစည်းအဝေး ဖိတ်ကြားခြင်း မပြုရန် အဆိုပါ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အစုအဖွဲ့က APF ကို အလေးအနက် တောင်းဆိုထားသည်။

မြန်မာနိုင်ငံတဝန်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များတွင် ကြံရာပါ ဖြစ်နေသည့်အတွက် စစ်ကောင်စီ ထိန်းချုပ်သည့် MNHRC နှင့် ဆက်ဆံပတ်သက်ခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန်နှင့် နိုင်ငံအဆင့် လူ့အခွင့်အရေး အင်စတီကျူးရှင်းများဆိုင်ရာ ဒေသ ကွန်ရက်မှ MNHRC ကို ဆိုင်းငံ့ သို့မဟုတ် ဖယ်ထုတ်ရန် APF နှင့် အရှေ့တောင်အာရှ နိုင်ငံအဆင့် လူ့အခွင့်အရေး အင်စတီကျူးရှင်းများ ဖိုရမ် (SEANF) ကို ထပ်တလဲလဲ တောင်းဆိုထားသော်ငြား APF အနေဖြင့် ယခုတဖန် MNHRC ကိုယ်စားလှယ်များနှင့် ထပ်မံ ဆက်ဆံပတ်သက်နေသည်ကို သိရသည့်အတွက် စိုးရိမ်ပူပန်မိကြောင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများက စာထဲတွင် ပြောသည်။

နိုင်ငံအဆင့် လူ့အခွင့်အရေး အင်စတီကျူးရှင်းများကို လမ်းညွှန်သည့် ပါရီ စည်းမျဉ်းမူများနှင့် ကိုက်ညီခြင်း ရှိမရှိ နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိနေခြင်းကြောင့် MNHRC ကို လာမည့် အောက်တိုဘာ အစည်းအဝေးတွင် အထူးသုံးသပ်မှု ပြုလုပ်ရန် GANHRI-SCA က ၂၀၂၃ မတ်လက တနှစ်တာ အစည်းအဝေးအတွင်း ဆုံးဖြတ်ခဲ့သည်။

အာဏာသိမ်းစစ်တပ်၏ ပစ်မှတ်ထားကျူးလွန်သည့် လူမဆန်ရက်စက်မှုများကို အကြီးအကျယ် ထိခိုက်ခံစားနေရစဉ်အတွင်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် မြန်မာပြည်သူများက ရဲရင့်စွာ ခုခံကာကွယ်လျက် ရှိနေသော်လည်း စစ်ကောင်စီ ထိန်းချုပ်သည့် MNHRC နှင့် ဆက်လက်ပတ်သက်သည့် APF ၏ ဆုံးဖြတ်ချက်များကြောင့် မြန်မာပြည်သူတို့အပေါ် နောက်ထပ် ပြစ်မှုများ ထပ်မံကျူးလွန်စေရန် စစ်အုပ်စုကို ရဲဆေးတင်ပေးရာ ရောက်ကြောင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများက ပြောသည်။

စစ်ကောင်စီ၏ ကိုယ်စားလှယ်၊ ဝါဒဖြန့်အဖွဲ့ဖြစ်သည့် MNHRC ကို ဒေသဆိုင်ရာ လူ့အခွင့်အရေး ပလက်ဖောင်းသို့ ဖိတ်ကြားခြင်းအားဖြင့် APF အနေဖြင့် ဒေသတွင်းရှိ ပြည်သူများ၏ လူ့အခွင့်အရေးကို အားပေးမြှင့်တင်၊ ကာကွယ်မည် ဆိုသည့် ကတိကဝတ်ကို ချိုးဖောက်ရာလည်း ရောက်သည်။

မြန်မာပြည်သူတို့အပေါ် စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုများ အကွက်ကျကျ ကျူးလွန်နေမှုအပေါ် MNHRC က ရေငုံနှုတ်ဆိတ်နေခဲ့သည်။ တဖက်တွင် အပြစ်မဲ့ ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးများကို အသက်သေစေသည့် လေကြောင်းတိုက်ခိုက်မှုများကို စစ်အုပ်စုက ဆက်လက် ကျူးလွန်နေလင့်ကစား စစ်အုပ်စု၏ လုပ်ရပ်များက လူသားချင်းစာနာမှု ရှိသည် သို့မဟုတ် စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများက အလွန်ကြီးမားပြီး မှန်ကန်သည့် ဦးတည်ရာအတိုင်း ရှေ့သို့ သွားနေသည် ဆိုပြီး ပြောဆိုခြင်းအားဖြင့် MNHRC သည် စစ်အုပ်စုကို တက်တက်ကြွကြွ ချီးမြှောက်နေကြောင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများက ပြောသည်။

MNHRC သည် စစ်အုပ်စု၏ လက်ဝေခံ ဖြစ်လာပြီး စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုများနှင့် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု ဥပဒေအပေါ် အကြီးအကျယ် ချိုးဖောက်မှုများကို တက်ကြွစွာ အကာအကွယ်ပေးနေကြောင်းလည်း ၎င်းတို့က ပြောသည်။ စစ်အုပ်စု၏ တရားမဝင်သော အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း ၃၁ လ တာအတောအတွင်း MNHRC သည် စစ်အုပ်စု၏ ဝါဒဖြန့် ပလက်ဖောင်းအဖြစ်သာ ရှိနေခဲ့သည်။

ယခု အရပ်ဖက်လူမှုအဖွဲ့အစည်းများ (အလုပ်အဖွဲ့) သည် နိုင်ငံအဆင့် လူ့အခွင့်အရေး အင်စတီကျူးရှင်းများဆိုင်ရာ အာရှ NGO ကွန်ရက် (ANNI) ၊ ဒေသဆိုင်ရာ မိတ်ဖက်ပါတနာ ၅၆ ခုနှင့်အတူ ပူးပေါင်းလျက် ၂၀၂၁ နှင့် ၂၀၂၂ တို့တွင်လည်း MNHRC ကို ဖယ်ရှားရေး သို့မဟုတ် ဆိုင်းငံ့ရေးအတွက် APF ဖိုရမ်ထံ စာရေးသားပေးပို့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required