ထိုင်းတွင် မူးယစ်ဆေးမှောင်ခိုကူးသူနှင့် ရဲတပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှုအတွင်း ၂ ဦး သေဆုံး

ထိုင်းတွင် မူးယစ်ဆေးမှောင်ခိုကူးသူနှင့် ရဲတပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှုအတွင်း ၂ ဦး သေဆုံး
Photo-AFP

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ခရစ္စတယ် မက်သာဖက်တမင်း တတန် သယ်ဆောင်လာသည့် ကားတစီးကို အာဏာပိုင်များက တားမြစ်စစ်ဆေးစဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား၍ မူးယစ်ဆေးဝါး မှောင်ခိုကူးသူ တဦးနှင့် ရဲတဦးတို့ သေဆုံးသွားကြောင်း ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်တွင် ပြောသည်။

ချင်းရိုင် ပြည်နယ်၌ Lahu တိုင်းရင်းသားအစုအဖွဲ့မှ အမျိုးသားနှစ်ဦး လိုက်ပါလာသည့် ကားတစီးကို ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ် တားမြစ်စစ်ဆေးစဉ် အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

မကြာခဏဆိုသလို ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်လင့်ကစား ထိုင်း၊ မြန်မာနှင့် လာအို တို့ ပေါင်းစုံသည် ရွှေတြိဂံ ဒေသသည် မူးယစ်ဆေးဝါးများ၊ အထူးသဖြင့် မက်သ် မှောင်ခိုကူးမှုအတွက် အဓိကလှုပ်ရှားရာ နေရာတခု ဖြစ်နေခဲ့သည်။

“မူးယစ်ဆေးမှောင်ခိုကူးသူတယောက်က ရဲတပ်ဖွဲ့ဝင်တယောက်ကို ပစ်သတ်လိုက်တာကြောင့် ရဲတပ်ဖွဲ့ဘက်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အဲဒီလူကို ပြန်လည် ပစ်ခတ်ခဲ့ရပါတယ်” ဟု မူယစ်ဆေးဝါး နှိမ်နင်းရေး ဗျူရို၏ ဒေသဆိုင်ရာ အကြီးအကဲ တီဝါပေါင်း ပလူးတိုက အေအက်ဖ်ပီကို ပြောသည်။

“နောက်ထပ် သံသယရှိသူတယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်”

ပစ်ခတ်မှုဖြစ်ပြီးနောက် ရဲများသည် ခရစ္စတယ် မက်သ် တတန်ကို ဖမ်းဆီးရမိခဲ့သည်။

ထို အမျိုးသားနှစ်ဦးသည် နိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းသို့ မက်သ်များ သယ်ယူပို့ဆောင်သည့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေး မှောင်ခိုကူးမှု လှုပ်ရှားမှုတရပ်တွင် ပါဝင်သူများဖြစ်သည်ဟု အာဏာပိုင်များက ထင်မြင်ယူဆသည်။

အရှေ့တောင်အာရှသည် မက်သာဖက်တမင်း မူးယစ်ဆေးဝါးများဖြင့် ပြည့်လျှမ်းနေပြီး ၂၀၂၁ တွင် အာရှဒေသတွင် အာဏာပိုင်များက စံချိန်တင် ဆေးပြား တဘီလီယံအထိ ဖမ်းမိခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတရပ်အရ သိရသည်။

ထိုင်း၏ အိမ်နီးချင်းဖြစ်သည့် မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပရမ်းပတာ အခြေအနေများနှင့် စီးပွားရေး ထိုးစိုက်ကျဆင်းမှုတို့ ဖြစ်ပေါ်နေခဲ့သည်။ သို့သော် ရှမ်းပြည်နယ်တွင် ဓာတ်ခွဲခန်းထုတ် မူးယစ်ဆေး ထုတ်လုပ်မှုက အာဏာသိမ်းမှုမတိုင်မီကပင် တိုးပွားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required