မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်တိမ်းမှောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ပျောက်ဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
19 September 2023
မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်တိမ်းမှောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ပျောက်ဆုံး
ပုံအညွှန်း။   ။ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ရေယာဉ်တစီးကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်ပါသည်)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မောက္ကတော်ကျေးရွာအနီး ရှဲနတ်တောင်ခြေတွင် စစ်ကောင်စီ ရေယာဉ်အုပ်စုနှင့်အတူပါလာသည့် ရေယာဉ်တစီးတိမ်းမှောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ပျောက်ဆုံးနေကြောင်း မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)မှ သိရသည်။

ရေယာဉ်တိမ်းမှောက်မှုမှာ ယနေ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲ့ မထိန်းနိုင်ခြင်းကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း SRF မှ ဆရာစံက ပြောသည်။

“ရှဲနတ်တောင်ခြေဆိုတာ တော်တော်လေးကွေ့ရတဲ့ ကွေ့တခုဗျ။ မိုးတွေကလည်းတအားရွာနေပြီး အနီး ရောက်မှ ကပ်ပြီးကွေ့တော့ အစုန်လည်းဖြစ်၊ ရေစီးကလည်းသန်တော့ ပဲ့မထိန်းနိုင်ဖြစ်ပြီး တောင်ခြေက ကျောက်ဆောင်နဲ့တိုက်ပြီး မှောက်သွားတာ။ အခုတော့ မှောက်လျှက်ကြီးပေါ်နေတာတွေ့တယ်” ဟု ၎င်း ကဆိုသည်။

အဆိုပါရေယာဉ်ပေါ်တွင် တောင်ဖြူ၊ ပန်းဆက်၊ ကျောက်ခဲတတ်မှ ပျူစောထီးများ၊ စစ်ကောင်စီတပ်သား များ၊ ပျူကျေးရွာများမှ တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့် Non CDM ဆရာ၊ ဆရာမများအပါ အဝင် ၁၂၀ ခန့် လိုက်ပါလာပြီး ယခုအချိန်ထိ ရုပ်အလောင်းခြောက်လောင်းသာတွေ့ရှိထားကြောင်း SRF တပ်ဖွဲ့မှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ရေယာဉ်နစ်မြုပ်မှုနှင့်ပတ်သက်ပြီး ဖြစ်စဉ်မှန်ကန်ကြောင်း နှင့် မင်းကင်းမြို့နယ်မှ ပျူစောထီးမိသားစုဝင်များလည်းပါဝင်သွားကြောင်း သိရှိထားပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF) စစ်ကြောင်းမှူးက  မဇ္ဈိမသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ရေယာဉ်အုပ်စုတွင် ဖလက်ခွံနှင့် စစ်သင်္ဘော ၁၁ စီးပါဝင်ပြီး ယခုအခါ စက်လှေ များဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင် ရှာဖွေကယ်ဆယ်ရေးလုပ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required