ကောလင်းတွင် KTV ၌ သောက်စားပျော်ပါးနေသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ 

By ကိုခင်မောင် (မဇ္ဈိမ)
19 September 2023
ကောလင်းတွင် KTV ၌ သောက်စားပျော်ပါးနေသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ 
ပုံအညွှန်း။   ။ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်သားများ(ဓာတ်ပုံ။   ။ Kawlin People Defense Force)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ငပွေးလေးရပ်ကွက်ရှိ  KTV တွင် သောက်စားပျော်ပါးနေသော စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မ တော်၊ ကောလင်းခရိုင်တပ်ရင်း(၁)- KLPDF မှ သိရသည်။

စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ရွှေအိမ်မက် KTV တွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သောက်စားပျော်ပါးနေစဥ် မီတာ ၃၀ အကွာမှ အနီးကပ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီခန့်ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူ တဦးက မဇ္စျိမသို့ပြောသည်။

“ငပွေးလေးရပ်ကွက်က  ရွှေအိမ်မက် KTV ကို သူတို့သွားနေကျ။ တိုက်ခိုက်မှုကြောင့် နှစ်ဦးပွဲချင်းပြီး သေ တယ်၊ ဆေးရုံမှာငါးယောက်သေတာလို့ပြောတယ်။ ဆေးရုံအသိုင်းအဝိုင်းက သိရတာပါ။ စုစုပေါင်း ခုနစ်ဦး သေတာပေါ့ဗျာ။ သုံးပွင့်အရာရှိတဦးလည်း သေတဲ့အထဲပါတယ်လို့ ကြားရတယ်။ သူ့ရဲ့ နာမည်နဲ့ တပ်ရင်း ကို စုံစမ်းနေတုန်းပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း (၁)မှ တာဝန်ရှိသူက ဆိုသည်။

ရွှေအိမ်မက် KTV ရှိ စစ်ကောင်စီတပ်သားများအား  တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း(၁)မှ ရဲဘော်တဦးလည်း ထိခိုက်ဒဏ်ရခဲ့ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက ညလုံးပေါက် လက်နက်ကြီး၊ လက် နက်ငယ်များဖြင့်ပစ်ခတ်ခြင်း၊  လမ်းသွားလမ်းလာများ၏  ဖုန်းနှင့် မှတ်ပုံတင်များ စစ်ဆေးခြင်းကို တင်း ကြပ်စွာလုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

စက်တင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ကလည်း ကောလင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း(၁)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အထိခိုက်အကျဆုံး မသိရသေးကြောင်း KLPDF မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ကောလင်းမြို့နယ်အတွင်းမှ ကျေးရွာများသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက် မှုမရှိဘဲ ငြိမ်နေပြီး မြို့ပေါ်တွင်သာ စစ်ဆေးမှု တင်းကြပ်စွာလုပ်ဆောင်နေကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required