NLD လက်ထက်တွင် အုပ်ချုပ်ရေး ၊ စီးပွားရေးပိုင်းတွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ဟု စစ်ခေါင်းဆောင်ဝေဖန်

By 001(မဇ္စျိမ)
10 September 2023
NLD လက်ထက်တွင် အုပ်ချုပ်ရေး ၊ စီးပွားရေးပိုင်းတွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ဟု စစ်ခေါင်းဆောင်ဝေဖန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် အုပ်ချုပ်ရေး၊ စီးပွားရေးပိုင်းတို့တွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှုလည်း ပျက်ပြားခဲ့သည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝေဖန်ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့က ရှမ်းပြည်နယ်( မြောက်ပိုင်း ) ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် အနိုင်ရပါတီများ အစိုးရဖွဲ့နိုင်ရန် စစ်တပ်က လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုကာ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် နိုင်ငံရေးအရအသုံးချ၍ မရိုးမသားဆောင်ရွက်မှုများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် တွေ့ခဲ့ရကြောင်း ဆိုသည်။

ယဉ်ကျေးမှုပိုင်းဆိုင်ရာတွင်လည်း မြန်မာ့ထုံးတမ်းစဉ်လာနှင့် မကိုက်ညီသည့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှုများ ပျက်ပြားခဲ့ရကြောင်း စစ်ကောင်စီခေါင်းဆောင်က ဝေဖန်သည်။

အဆိုပါ ပြောကြားချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒုဥက္ကဌ ဦးဘိုဘိုဦးက “ မင်းအောင်လှိုင်ဟာ လူလိမ်လူကောက်ပါ”ဟု မှတ်ချက်ပြုသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ တိုက်ပွဲများဖြစ်ပွားနေ သည့်အပြင် ငွေကြေးဖောင်းပွမှု အဆမတန်မြင့်တက်နေပြီး စီးပွားရေးကဏ္ဍလည်း ထိခိုက်လျက်ရှိနေသည်။

စစ်ကောင်စီအနေဖြင့်မူ ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲကို အစောဆုံးကာလတွင် ပြန်လည် ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

ထို့ကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းရာတွင် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း စစ်ကောင်စီခေါင်းဆောင်က ပြောသည်။

လက်ရှိ ကုန်ဈေးနှုန်း ကြီးမြင့်နေရခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာမှ ပိတ်ဆို့မှုများနှင့် ဝိသမ လောဘသားအချို့၏ ကိုယ်ကျိုးစီးပွားကြည့်၍ လုပ်ဆောင်မှုများကြောင့်ဖြစ်ကာ ထိုက်သင့်သည့် အရေးယူမှုများ ပြုလုပ်ခဲ့သဖြင့် ကုန်ဈေးနှုန်း ကျဆင်းလာပြီဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

ယခုနှစ် ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ GDPမှာ စက်တင်ဘာလအထိ သုံးရာခိုင်နှုန်း တိုးနိုင်ကြောင်း ခန့်မှန်းထားသော်လည်း ၂၀၁၉ ခုနှစ် GDP အောက် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required