မြင်းခြံတွင် ပျူစောထီးရန်ပုံငွေဟုဆိုကာ ကျူးကျော်နှင့်အိမ်ငှားနေသူများထံ ငွေတောင်းနေ

By ဓါတု(မဇ္ဈိမ)
07 September 2023
မြင်းခြံတွင် ပျူစောထီးရန်ပုံငွေဟုဆိုကာ ကျူးကျော်နှင့်အိမ်ငှားနေသူများထံ ငွေတောင်းနေ

မန္တလေးတိုင်း၊မြင်းခြံမြို့၊အမှတ်(၁)တိုးချဲ့ရပ်ကွက်တွင် ပျူစောထီးအဖွဲ့များအတွက် ရန်ပုံ‌ငွေဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့် ပျူများက ဒေသခံများထံမှ ငွေကြေးတောင်းခံနေကြောင်း သိရသည်။

အမှတ်(၁)တိုးချဲ့ရပ်ကွက်မှ အိမ်ငှားနေသူများ၊ကျူးကျော်များနှင့် အဆောင်ငှားနေသူများကို တအိမ်လျှင် ငွေ ၃,၀၀၀ ကျပ်စီကောက်ခံတောင်းယူနေခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

" ပျူစောထီးတွေအတွက်ရန်ပုံငွေပေါ့။ မိုက်နဲ့လိုက်အော်ပြီးတောင်းတာ" ဟု ဒေသခံတဦးကမဇ္စျိမကိုပြောသည်။

ယင်းငွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက်ပေးဆောင်ရန် ပျုစောထီးများက ပြောသွားသည်ဟု သိရသည်။လွန်ခဲ့သည့်သုံးလခန့်ကလည်း ပျူစောထီးအဖွဲ့က တအိမ်လျှင် ငွေကျပ် ၅၀,၀၀၀စီကောက်ခံခဲ့ကြောင်းအမှတ်(၁)တိုးချဲ့ရပ်ကွက်တွင် နေသူအချို့ကပြောသည်။

" အရင်ကတော့ အိမ်တွေဆီသွားပြီးလိုက်ကောက်တာ။ အခုက အုပ်ချုပ်ရေးမှူးဝင်း‌ဆွေ

ရှိတဲ့ရုံးကိုလာပေးခိုင်းတာ။ ဒါမျိုးလုပ်တာ သုံးကြိမ်လောက်ရှိပြီ။ ဧည့်စာရင်းလည်းအတင်းတိုင်ခိုင်းတယ် "ဟု ဒေသခံတဦးကပြောသည်။

မြင်းခြံမြို့၊အမှတ်(၁)တိုးချဲ့ရပ်ကွက်တွင်

ကျူးကျော်နေထိုင်သူအိမ်ထောင်စု ၁၀၀ ကျော်နှင့်အိမ်ငှား၊အဆောင်ငှားနေထိုင်သူ အိမ်ထောင်စု ၅၀ ဝန်းကျင်ရှိကြောင်းသိရသည်။

မြင်းခြံမြို့နယ်မှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့အများစုမှာ ဒေသအခြေအနေအရ ရေလယ်ကျွန်းနှင့်အခြားဒေသများသို့ရောက်ရှိနေသဖြင့် မြို့ပေါ်တွင်ပျူစောထီးများ ကြီးစိုးနေသည်ဟု သိရသည်။စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် အရပ်သားပြည်သူများအပေါ် နိုင်ထက်စီးနင်းလုပ်ဆောင်မှုများရှိကြောင်းဒေသခံများက‌ ပြောသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly