မြိုင်မြို့နယ်တွင် ပျူစောထီးရွာများကို ရိက္ခာပို့နေသည့်စစ်ကြောင်းကသတ်ဖြတ်ထားသော အမျိုးသား အလောင်းတွေ့ရှိ

By ပါခွီး(မဇ္စျိမ)
07 September 2023
မြိုင်မြို့နယ်တွင် ပျူစောထီးရွာများကို ရိက္ခာပို့နေသည့်စစ်ကြောင်းကသတ်ဖြတ်ထားသော အမျိုးသား အလောင်းတွေ့ရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပျူစောထီးကျေးရွာများကို ရိက္ခာပို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သတ်ဖြတ်ထားသော အလောင်းတွေ့ရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။

ဩဂုတ်လ ၃၀ ရက်နေ့မှစတင်ပြီး ပခုက္ကူမြို့ တမခ(၁၀၁)မှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် ပျူစောထီးကျေးရွာများကို လက်နက်နှင့် ရိက္ခာများပို့နေစဥ် ဒေသခံတဦးကို သတ်ဖြတ်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းရုပ်အလောင်းကို စက်တင်ဘာလ ၅ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့ များမှ သရက်ကွကျေးရွာအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“သူကအရပ်သားပါ တပ်ဖွဲ့ဝင်မဟုတ်ဘူး၊ စစ်ကြောင်းနဲ့ပါလာတာ ဖြစ်နိုင်တယ်။ ဒီနားအနီးတဝိုက်က တော့မဟုတ်ဘူး။ ခေါင်းကို သေနတ်နဲ့ ပစ်ခံထားရတယ်” ဟု ဒေသခံ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် တဦးက မဇ္စျိမကိုပြောသည်။

သေဆုံးသူမှာ အသက် ၄၀ ခန့် အမျိုးသားဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ပျူစောထီးများစခန်းချထားသည့် သရက်ကွကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်နှင့်ရိက္ခာများပို့ဆောင်ပြီးနောက် တွေ့ရှိခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကန်နီ(ပျူစောထီး)ရွာသို့လည်း ဆန်အိတ်များပေးပို့ခဲ့ပြီး ဆားလင်း ကန်ကျေးရွာမှဆန်များကို ကားတစီးတိုက် လုယက်သွားကြောင်း ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။ 

မြိုင်မြို့နယ်အတွင်းမှ ပျူစောထီးရွာများသို့ ရိက္ခာနှင့် လက်နက်များပို့နေသော စစ်ကောင်စီစစ်ကြောင်း သည် စက်တင်ဘာလ ၆ ရက်နေ့က ဂွေးပင်တောကျေးရွာအနီးတွင် ရပ်နားခဲ့ပြီး ယနေ့ စက်တင်ဘာ ၇ ရက်တွင် ကန်နီ(ပျူစောထီး)ရွာသို့ ဝင်ရောက်သွားကြောင်း သိရသည်။

စာတည်း။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly