၂၀၂၅ မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတယ်လို့ ပါတီအချို့ ခန့်မှန်း

By မဇ္ဈိမ 
06 September 2023
၂၀၂၅ မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတယ်လို့ ပါတီအချို့ ခန့်မှန်း

မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ကျမှ ကျင်းပဖြစ်လိမ့်မယ်လို့ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး USDP ပါတီမှ တာဝန်ရှိသူတစ်ဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး စက်တင်ဘာ ၅ရက်နေ့ AFP သတင်းမှာ ရေးသားထားပါတယ်။ 

ဒီပြောဆိုချက်ကို တခြားနိုင်ငံရေးပါတီတစ်ခုကလည်း အတည်ပြုတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက် ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ စက်တင်ဘာ ၁ ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင်တွေ အစည်းအဝေးမှာ ပြောထားပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကိုတော့ မပြောထားပါဘူး။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေရှိခဲ့တယ်ဆိုပြီး အာဏာ သိမ်းလိုက်တဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အီလက်ထရွန်နစ်စနစ်နဲ့ မဲပေးရေးအတွက် ကြိုးပမ်းနေပြီး မဲပေးစက်ကို နိုင်ငံရေး ပါတီတွေကို ချပြလာပါတယ်။

စစ်ကောင်စီက စက်တင်ဘာ ၅ရက်နေ့မှာ နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့ တွေ့ဆုံပြီး အဲဒီမဲပေးစက်အကြောင်း ရှင်းလင်းပြသခဲ့တာပါ။

ပြီးခဲ့တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့ပြီး ဒီအီလက်ထရွန်နစ် မဲပေးတဲ့စနစ်က မဲမသမာမှုတွေ မရှိနိုင်ဘူးလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စစ်ကောင်စီက ပြင်ဆင် ဆောင်ရွက်နေတဲ့ အထဲမှာ အခု အီလက်ထရောနစ် စနစ်နဲ့ မဲပေးနိုင်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ 

တိုင်းပြည်နေရာအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ရှိနေချိန်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်တဲ့အတွက် အသိအမှတ်ပြုမှာ မဟုတ်ကြောင်းကို အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေနဲ့ အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံ တချို့က ပြောဆိုထားပါတယ်။

စစ်ကောင်စီက အသစ်ပြန်လည်ပြုပြင်လိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေအရ ဩဂုတ်လ ၃၁ ရက်နေ့အထိ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားပြီးတဲ့ပါတီ ၆၄ ခုရှိပြီလို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာဖြစ်မယ်လို့ အမေရိကန်ပြည်ထောင်စု အပါအဝင် တော်လှန်ရေး အင်အားစုတွေက ပြောဆိုထားပြီး နိုင်ငံရေးသုံးသပ်သူတွေကလည်း ရွေးကောက်ပွဲကျင်းပရင် အတိုက်အခံ အင်အားစုတွေရဲ့ တိုက်ခိုက်ခြင်း ခံရနိုင်တယ်လို့ သုံးသပ် ပြောဆိုထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required