ခင်ဦးတွင် စစ်ကောင်စီတပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး

By MTO (မဇ္စျိမ)
04 September 2023
ခင်ဦးတွင် စစ်ကောင်စီတပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး
ပုံအညွှန်း-ငါးရုံးတောကျေးရွာနှင့် ရှားတောကျေးရွာတို့ မီးရှို့ခံနေရသည်ကိုအဝေးမှမြင်ရစဉ်။ (ဓါတ်ပုံ- People”s Defense Comrade)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ငါးရုံကြီးရွာနှင့် ရှားတောကျေးရွာတို့ကို စက်တင်ဘာလ ၂ ရက် နေ့တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၆ လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။

“ရှားတောရွာနားမှာ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီတပ်က အသေ အပျောက်များခဲ့တာကြောင့် ငါးရုံကြီးနဲ့ ရှားတောရွာကို မီးရှို့သွားတာပါ ” ဟု ရေဦးအခြေပြု People’s defense Comrades အဖွဲ့မှ  ကိုထူးခန့်ဇော်က ပြောသည်။

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ကျေးရွာများကိုမီးရှို့သွားခြင်းဖြစ်ပြီး ငါးရုံကြီးရွာမှ နေအိမ် ၂၀ လုံး နှင့် ရှားတောကျေးရွာမှ နေအိမ် ၃၆ လုံး မီးလောင်ပြာကျခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ ၂ ရက် ညပိုင်းတွင် မဒေါင်းလှပျူရွာတွင် ညအိပ်ခဲ့ပြီး ၃ ရက်နေ့ နံနက်ပိုင်းက စောကြီးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့သည်ဟု ကိုထူးခန့်ဇော်က ပြောသည်။

“မဒေါင်းလှကနေ စောကြီးရွာကို ဝင်စီးတယ်ဗျ။ ဖမ်းဆီးခံရတဲ့ပြည်သူတွေရှိပေမယ့် အတည်မပြုနိုင်သေး ပါဘူး။ စောကြီးရွာက ကာကွယ်ရေးစခန်းတခုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ နေအိမ်အပျက်အစီး အတည်မပြုနိုင်သေးပါဘူး” ဟု ကိုထူးခန့်ဇော်က ဆက်ပြောသည်။

ယနေ့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်း သို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required