မင်းတပ်တွင် ကင်းလှည့်စစ်တပ်ကို ချင်းကွန်မန်ဒိုတပ်ဖွဲ့ တိုက်ခိုက်

By ပါခွီး(မဇ္စျိမ)
31 August 2023
မင်းတပ်တွင် ကင်းလှည့်စစ်တပ်ကို ချင်းကွန်မန်ဒိုတပ်ဖွဲ့ တိုက်ခိုက်
ပုံအညွှန်း- CDF မင်းတပ် တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ- CDF )

ချင်းပြည်နယ် ၊ မင်းတပ်မြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို CDF မင်းတပ်၏ ကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ  စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများရှိကြောင်း CDF မင်းတပ် နှင့် နီးစပ်သော သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

မင်းတပ်မြို့ ဘဝသစ်ရပ်ကွက်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်၏ ရှေ့ပြေးပွိုင့်နှင့် မင်းတပ် ကွန်မန်ဒိုတပ်ဖွဲ့တို့အကြား ဩဂုတ်လ ၂၉ရက်၊ နံနက် ၉နာရီ ၃၀မိနစ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

တိုက်ပွဲ၌ မင်းတပ် CDF မှ ဝံပုလွေစစ်ကြောင်းအမည်ဖြင့် အုပ်စုသုံးခုခွဲပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိနစ် ၃၀ ခန့်ကြာ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုအတွင်း စစ်ကောင်တပ်သား နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားပြီး CDF မင်းတပ် တပ်ဖွဲ့ဝင်များမှ အထိအခိုက် မရှိခဲ့ကြောင်း  သတင်းရင်းမြစ်က ပြောသည်။

အလားတူ ဩဂုတ်လ ၂၉ ရက်နေ့၊ ညနေ ၄ နာရီခွဲကချိန်ကလည်း မင်းတပ်မြို့ လယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို CDF မင်းတပ်က စနိုက်ပါဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

“ရဲစခန်းကို သွားပစ်တာဟုတ်ပါတယ် ။ ရဲစခန်းဂိတ်က တဦး စနိုက်ပါထိလို့ လဲကျ သွားတယ်လို့သိရတယ် ။  ကျန်တဲ့အခြေအနေတွေကိုတော့ မသိရသေးဘူး” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဆလိုင်းယောမာန်က မဇ္စျိမ ကိုပြောသည်။

စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့်ဖြစ်ပွားခဲ့ရာ အခြား ရဲအချို့ ထိခိုက်မှုရှိကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိ အခိုက်မရှိကြောင်း ဆိုသည်။

မင်းတပ်မြို့အတွင်း ဩဂုတ်လ ၂၃ရက်နှင့် ၂၆ရက်များနေ့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၂၆ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာ ရရှိထားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ထုတ်ပြန်ထားသည်။

ယင်းသို့ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်ဖွဲ့နှင့် ပတ်သက်ကြောင်း စွပ်စွဲပြီး ဒေသခံ ခြောက်ဦးကို ဖမ်းဆီးခဲ့ကာ နှစ်ဦးကိုပြန်လွှတ်ပေးလိုက်ပြီဟု သိရသည်။

လက်ရှိမင်းတပ်မြို့တွင် တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်ပွားနေကာ အချိန်မရွေး ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် မြို့အတွင်းအသွားလာ ဆင်ခြင်နေထိုင်ကြရန် မင်းတပ်မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်း ယောမာန်က အသိပေးထားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly