မင်းတပ်မြို့နယ်တွင်ခိုလှုံနေသည့် မတူပီစစ်ဘေးရှောင်များ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိ

By ပါခွီး (မဇ္စျိမ)
12 June 2023
မင်းတပ်မြို့နယ်တွင်ခိုလှုံနေသည့် မတူပီစစ်ဘေးရှောင်များ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိ

မင်းတပ်မြို့နယ်အတွင်း ခိုလှုံနေသည့် မတူပီစစ်ဘေးရှောင်များ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူများထံမှ သိရသည်။
မတူပီမြို့ပေါ်ရှိ စစ်ကောင်စီ၏ ခလရ(၁၄၀)မှ စစ်ကြောင်းထိုးလာ၍ မင်းတပ်-မတူပီလမ်းမကြီးပေါ်ရှိ ခြမ်း ပြန်း၊ ရမ်တိန်း၊ မွှန်တုန်းရွာသစ်တို့မှ လူဦးရေ ၅၀၀ ဝန်းကျင်သည် မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင် ရင်း အကူအညီများလိုအပ်နေခြင်းဖြစ်သည်။

“စစ်ဘေးရှောင်နေတဲ့သူတွေက မုန်တိုင်းဒဏ်ခံထားရတဲ့ အဆောက်အဦးတွေမှာ နေရာတဲ့အတွက် အရေး ပေါ်အကူအညီအနေနဲ့ တာလပတ်၊ မိုးကားတွေလိုပါတယ်။ အခြေခံစားသောက်ကုန်နဲ့ ကလေး၊ လူကြီး အာဟာရဖြစ်စေမဲ့ နို့မှုန့်လိုမျိုးနဲ့ အခြေခံဆေးဝါးတွေလိုအပ်နေပါတယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေး ရှောင်ကော်မတီ (Mindat Township IDPs Camp Management Committee) တာဝန်ခံ ကိုလော့ရင့်စ် က မဇ္စျိမသို့ပြောသည်။

စစ်ဘေးရှောင်များသည် မိုးအအဆက်မပြတ်ရွာသွန်းနေသည့်ကြားမှ မိုးထဲရေထဲတွင် ဆိုင်ကယ်များဖြင့် အဝတ်အစားအနည်းငယ်သယ်ယူကာ စစ်ဘေးတိမ်းရှောင်လာကြခြင်း ဖြစ်ကြောင်းဆိုသည်။

ထွက်ပြေးတိမ်းရှောင်လာကြသူများအနက်မှ ဇွန်လ ၆ ရက်နေ့တွင် အသက် ၆၀ ကျော် အဘွားတဦး နာမကျန်းဖြစ်ကာ အသက်ဆုံးရှုံးခဲ့ပြီး ဇွန်လ ၉ ရက်နေ့တွင် ခုနစ်ရက်သားကလေးတဦး အအေးမိ၍ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

၎င်းတို့နေထိုင်သည့်အဆောက်အဦးများသည်လည်း မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသဖြင့် ပြုပြင်ရန်လိုအပ်နေပြီး မိုးရွာ၊ မှိုင်းတိုက်မှုကြောင်း အမြဲတမ်းစွတ်စိုနေပြီး အဝတ်အစားများလည်း လိုအပ်နေကြောင်း ဆိုသည်။  

ထို့အပြင်မိုးတွင်းဖြစ်၍ ပိုးမွှားကောင် (ခူကောင်အမျိုးအစား) အများအပြားပေါ်ထွက်နေပြီး ယားယံခြင်း ဝေဒနာခံစားရသူနှင့် အအေးမိ၍ ဖျားနာသူများပြားနေကြောင်းလည်း သိရသည်။

၂၀၂၁ ခုနှစ်မှစတင်ပြီး စစ်ကောင်စီမှချင်းတောင်သို့ ဖြတ်လေးဖြတ်ကျင့်သုံးပြီး ဆေးဝါးသယ်ယူခွင့် ပိတ် ပင်ထားသဖြင့် CDM ကျန်းမာရေးဝန်ထမ်းနှင့် သူနာပြုဆရာမများရှိသော်လည်း ဆေးဝါးလုံလောက်မှု မရှိ ဟုဆိုသည်။

“ကျနော်တို့က ဆန်နဲ့ဆီနည်းနည်းကို ကူညီပေးနိုင်ခဲ့တယ်။ ဈေးသည်မရှိတော့ ဝယ်စားဖို့လည်း မဖြစ် နိုင်ဘူး။ တောင်ပေါ်မိုးရာသီဆိုတော့ အသီးအရွက်လေးတွေစပေါပြီ။ အဲဒါနဲ့ စားသောက်နေကြတာပါ။ အသားငါးဆိုတာတော့ စားဖို့အလွန်ခက်ခဲပါတယ်” ဟု ကိုလောရင့်စ်ကပြောသည်။

မင်းတပ်စစ်ဘေးရှောင်ကူညီရေးမှ ဆန်အိတ် ၆၁ အိတ်နှင့် စားသုံးဆီ ၄၀ ဗူးကို ဇွန်လ ၉ ရက်နေ့တွင် ရာသီဉတုဆိုးဝါးနေသည့်ကြားမှ အရောက်ပို့ပေးခဲ့ကြောင်း သိရသည်။

၎င်းတို့ကူညီမှုသည် လူ ၅၀၀ အတွက် တပတ်၊ ၁၀ရက်ခန့်သာ လောက်ငှနိုင်ပြီး စစ်ကောင်စီတပ်၏ စစ် ကြောင်းဆက်လက်ရှိနေ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပါက စစ်ဘေးရှောင်များ၏အခြေအနေမှာ ပိုမိုဆိုးရွားလာ နိုင်ကြောင်းဆိုသည်။

ဇွန်လ ၆ ရက်နေ့တွင် မင်းတပ် - မတူပီလမ်းမကြီးအောက်ဘက်ရှိ ရမ်တိန်းကျေးရွာဟောင်းသို့  အင်အား ၁၂၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာပြီး နောက် CDF – Matupi နှင့် ထိတွေ့မှုဖြစ်ခဲ့ သည်။ အဆိုပါစစ်ကြောင်းသည်  ကျေးရွာအထက် နှစ်မိုင်အကွာသို့ဆုတ်ပြီး စခန်းချတပ်စွဲနေသဖြင့် ယနေ့အချိန်ထိ စစ်ရေးတင်းမာလျက်ရှိကြောင်းသိရှိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required