မတူပီ - မင်းတပ်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် CDF – Matupi က ခရီးသွားလာခွင့်ယာယီပိတ်

By ပါခွီး (မဇ္စျိမ)
08 June 2023
မတူပီ - မင်းတပ်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် CDF – Matupi က ခရီးသွားလာခွင့်ယာယီပိတ်

ချင်းပြည်နယ်၊ မတူပီ-မင်းတပ်လမ်းပိုင်းတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပြည်သူများ အနေဖြင့် ၎င်းလမ်းပိုင်းသို့ ခရီးထွက်ခြင်းများမပြုကြသေးရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) CDF – Matupi က ဇွန်လ ၇ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

မတူပီမြို့အခြေစိုက်စစ်ကောင်စီတပ်စန်းမှ အင်အား ၁၂၀ ခန့်ရှိသောစစ်ကြောင်းသည် မင်းတပ် - မတူပီ လမ်းမကြီး အောက်ဘက်ရှိ ရမ်တိန်းကျေးရွာဟောင်းသို့ ဇွန်လ ၆ ရက်၊ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် လက်နက်ကြီးငယ်များ ပစ်ခတ်၍ ရွာအတွင်း စီးနင်းဝင်ရောက်ခဲ့သည်။

ယင်းနောက် အဆိုပါစစ်ကြောင်းကို နံနက် ၉ နာရီခန့်တွင် CDF – Matupi မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ကျေးရွာအထက် နှစ်မိုင်အကွာသို့ ဆုတ်ခွာစခန်းချခဲ့ကြကြောင်း သိရသည်။

“ တိုက်ပွဲက နာရီဝက်နီးပါးလောက်ရှိမယ်။ အနီးကပ်ထိတွေ့တာတော့ မရှိပါဘူး။ နှစ်ဖက်အကျအဆုံး မရှိပါဘူး” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက မဇ္စျိမ ကိုပြောသည်။

ရမ်တိန်းကျေးရွာဟောင်းရှိ ဒေသခံပြည်သူ ၂၀၀ ကျော်မှာလည်း စစ်ကြောင်းမဝင်ရောက်မီကပင် ကြိုတင် တိမ်း ရှောင်နိုင်ခဲ့သဖြင့် အထိအခိုက်မရှိကြောင်း သိရသည်။

တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်သောကြောင့် မတူပီ - မင်းတပ်လမ်းတွင် ခရီးသွားလာခြင်းများမပြုလုပ်ကြရန် နှင့် မိဘပြည်သူများအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ချက်နှင့် အသိပေးချက်များကို အလေးအနက်ထား လိုက်နာပေးကြပါရန် CDF – Matupi မှသတိပေးထားသည်။

ဇွန်လ ၈ ရက် ယနေ့နံနက်ပိုင်းအထိ အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ လှုပ်ရှားမှုမရှိသေးကြောင်း မဇ္ဈိမမှ စုံစမ်း သိရှိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly