ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ၁ သန်းကျော်က နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက် နည်း

By Bright Green
30 August 2023
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ၁ သန်းကျော်က နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက် နည်း
Photo: Bright Green

လက်ရှိ၌ ဘင်္ဂလားဒေ့ရှ်တွင် ရှိနေကြသော ရိုဟင်ဂျာ တသန်းကျော်သည် ဘေးကင်းစွာဖြင့် နေရပ်ပြန်နိုင်ရေး အလားအလာမှာ အနည်းအကျဉ်းသာ ရှိနေသည်နှင့် ရင်ဆိုင်နေရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အတည်ပြုသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာမှုများ ကြုံတွေ့ခဲ့သည့် ၂၀၂၁၇ ဩဂုတ် ၂၅ ရက်၏ ခြောက်နှစ်မြောက်အဖြစ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်းက ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာကြသော ဒုက္ခသည်များသည် လက်ရှိ၌ ပြန့်ကျဲပြီး လူပြည့်သိပ်သော စခန်းများတွင် နေထိုင်နေကြရပြီး အာဏာပိုင်များ၏ ကန့်သတ်ချက်များနှင့် လက်နက်ကိုင် အုပ်စုများ၏ အကြမ်းဖက်မှုများကို ကြုံတွေ့နေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။ မြန်မာတွင် ကျန်ရှိနေသော ရိုဟင်ဂျာ ၆၀၀,၀၀၀ ကျော်မှာလည်း လူမျိုးရေးခွဲခြားမှုစနစ်အောက်တွင် စစ်တပ်အာဏာပိုင်များ၏ ထိထိရောက်ရောက် ကန့်သတ်ခြင်းများ ခံနေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

“မြန်မာရော ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာတွေဟာ နိုင်ငံမဲ့ဆိုတဲ့အဖြစ်မှာ ချောင်ပိတ်နေတယ်၊ အခြေခံအကျဆုံး အခွင့်အရေးတွေလည်း ငြင်းပယ်ခံရတယ်၊ သူတို့တွေဟာ တရားမျှတမှုနဲ့ နေရပ်ပြန်နိုင်မယ့် အခွင့်အရေးအတွက် စောင့်စားနေကြတယ်”ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ အာရှသုတေသီ ရှေနာဘတ်ချနာက ပြောသည်။

“ဒီလို ပြဿနာတွေကို ရှေ့ဆက်ဖြေရှင်းရမယ့်အစား ကုလသမဂ္ဂ လုံခြံရေးကောင်စီဟာ အရေးတယူ မရှိသလို အစိုးရတွေရဲ့ အကူအညီပေးရေးကို လျှော့ချတာတွေက ရိုဟင်ဂျာတွေအတွက် ပိုပြီး မျှော်လင့်ချက် မဲ့စေတယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။

ဘင်္ဂလားဒေ့ရှ်ရော မြန်မာဘက်က ရိုဟင်ဂျာများသည် ကန့်သတ်ချက်များ မြင့်တက်လာခြင်းကြောင့် နှစ်စဉ် မျှော်လင့်ချက် မဲ့နေရပြီး နယ်စပ်နှစ်ဖက်စလုံးတွင် အခြေအနေများ ပို၍ ဆိုးဝါးလာသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အတည်ပြုသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းလိုက်ချိန်မှစပြီး ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် “အခွင့်မရှိဘဲ ခရီးသွားခြင်း” အတွက် ဖမ်းဆီးခံရပြီး သွားလာလှုပ်ရှားမှုများကို ကန့်သတ်ချက်သစ်များ ချမှတ်သလို ရိုဟင်ဂျာစခန်းများနှင့် ကျေးရွာများတွင် အကူအညီများ ပိတ်ဆို့ခံရသည်။

မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ ရိုဟင်ဂျာများအပေါ် ဆက်ဆံမှုများက လူမျိုးရေးခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် လွတ်လပ်ခွင့်များ ပိတ်ပင်ခြင်းများဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့အရ သိရသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required