ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများလိုအပ်

By မင်းထက်(မဇ္စျိမ)
27 August 2023
ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများလိုအပ်
ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင်များ(ဓာတ်ပုံ - Ko Pyay Kyaw)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်နေကြရသည့် ဒေသခံ ၁၀,၀၀၀ ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများ အကူအညီလိုအပ်နေကြောင်း သိရသည်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ခက်ခ၊ စမွန်း၊ ကျွန်းဦးတော၊ ထန်းကြီးဘူတာ၊ ပါယ့်သူကြီး၊ ဉန္နဲဘုတ်၊ ပေါက်ကန်၊ ပေါက်ကန်ဘူတာ ကျေးရွာများမှ ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေ သည့်အတွက် ရွာလုံးကျွတ် နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်။

စစ်ကောင်စီတပ်များသည် မန္တလေး-မြစ်ကြီးနားရထားလမ်းကို ပြန်လည်ပြုပြင်နေသည့်အတွက် အင်အား ၂၀၀ ကျော်ဖြင့် ရထားလမ်းဘေးကျေးရွာများအား စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေခြင်း ဖြစ်ကြောင်း 96 Soldiers-PDF တာဝန်ခံ ကိုဇေယျာလွင်က ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့မှစတင်ကာ လက်ရှိအချိန်အထိ အိမ်ထောင်စု ၃,၀၀၀ ကျော်မှ လူဦးရေ ၁၀,၀၀၀ ခန့်သည် အဆင်ပြေရာ လယ်တောများအတွင်း ရွှေ့ပြောင်းနေထိုင်နေကြရပြီး ၎င်းတို့အတွက် အစား အသောက်နှင့် ဆေးဝါးများ လိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“စစ်ဘေးရှောင်ရတဲ့ ရက်ကြာလာတော့ ဆန်၊ ဆီ၊ ဆား၊ မိုးကာ၊ ဆေးဝါးတွေ အဓိကလိုအပ်လာပါတယ်။ ရိက္ခာလိုအပ်ချက်ကြောင့် ရွာထဲကိုပြန်ဝင်တဲ့ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်နေတာ တွေရှိပါတယ်။ အခုဆို အသတ်ခံရသူ ၁၀ ယောက်လောက်ရှိပြီ” ဟု ကိုဇေယျာလွင်ကပြောသည်။

စစ်ဘေးရှောင်များအား ကူညီထောက်ပံ့လိုပါက 96 Soldiers- PDF ပြန်ကြားရေးတာဝန်ခံ၏ Facebook ၊ Messenger မှတဆင့် ဆက်သွယ်လှူဒန်းနိုင်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required