စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် ငွေတွင်းရွာကို ကာကွယ်ရေးတပ်ဖွဲ့ ဗုံးသီးချတိုက်ခိုက်

By MTO (မဇ္ဈိမ)
27 August 2023
စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် ငွေတွင်းရွာကို ကာကွယ်ရေးတပ်ဖွဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် ငွေတွင်းကျေးရွာကို ဩဂုတ်လ ၂၆ ရက် ညပိုင်းတွင် ဒရုန်းဖြင့် ဗုံသီးချတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်တပ်ရင်း (၁) နဂါးနီတပ်ရင်းထံက သိရသည်။

“အရင်ဆုံး ပင်မအဆောင်ကြီးပေါ်ကို အရင်ချတယ်။  တချို့ ၀ရုန်းသုန်းကားနဲ့ ဘန်ကာတွေထဲ ပြေးဝင်ကြတယ် ။ အဲ့ကတုတ်ကျင်းနဲ့ ဘန်ကာတွေပေါ်ကို နောက်တကြိမ် ထပ်ချတယ်။  ကတုတ်ကျင်းတွေ ဘန်ကာတွေထဲမှာ လေးကောင်အတိအကျ သေတယ် ။ ပင်မဆောင်ကြီးထဲမှာ ၂၆ ကောင် သေတယ်လို့ သိရတယ်” ဟု နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူး ဆရာလေးက ပြောသည်။

ငွေတွင်းကျေးရွာကို တိုက်ခိုက်ရာတွင် ဒရုန်းနှစ်စီးဖြင့် လေးကြိမ်ပျံသန်းကာ  ၁ ပိဿာ ၃၀ သား အလေးချိန်ရှိသည့် ဗုံးသီးရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ငွေတွင်းကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ နှင့် ပျူစောထီးအဖွဲ့ဝင်များသည် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းများကို အင်အားဖြည့်တင်းပေးခြင်း၊ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန်တောင်းဆိုခြင်းများ ပြုလုပ်လေ့ရှိသည်ဟုလည်း နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူးဆရာလေးက ပြောသည်။

“သူတို့ ရွာနားကပ်တယ်ဆိုတာနဲ့ အကုန်ပစ်တာ၊ သူတို့ ရွာအနားက လယ်တွေမှာ လယ်လာလုပ်သူတွေဆိုလည်း ပစ်ခံရတာပဲ “ ဟု ၎င်းကပြောသည်။

ယခုတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့က ဦးဆောင်၍ ကျောက်ဆည်ခရိုင်တပ်ရင်း(၁)(နဂါးနီတပ်ရင်း)၊ ရွှေဘိုခရိုင်တပ်ရင်း(၁၅)၊ ဆားတောင်မိုးကြိုး(Local PDF)နှင့် lighting drone force မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly