ဟင်္သာတမြို့ အာဇာနည်ဗိမာန်ရှေ့တွင် စစ်ကောင်စီလက်အောက်ခံများက အများသုံးအိမ်သာဆောက်လုပ်

By မင်းထက် (မဇ္စျိမ)
24 August 2023
ဟင်္သာတမြို့ အာဇာနည်ဗိမာန်ရှေ့တွင် စစ်ကောင်စီလက်အောက်ခံများက အများသုံးအိမ်သာဆောက်လုပ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ရှိ အာဇာနည်ဗိမာန်အရှေ့တွင် စစ်ကောင်စီလက်အောက်ခံများက အများသုံးအိမ်သာဆောက်လုပ်နေသည့်အတွက် မြို့ပေါ်ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်ဟု သိရသည်။

ဟင်္သာတမြို့၊ ဥယျာဥ်မြောက် ၊ဟင်္သာတရုပ်အဝိုင်းအနီး၊ အထက(၅) အရှေ့တွင်ရှိသည့် အာဇာနည်ပန်းခြံအတွင်းမှ အာဇာနည်ဗိမာန်ရှေ့တွင် အများသုံးအိမ်သာ ဆောက်လုပ်နေခြင်းဖြစ်သည်။

အဆိုပါ အများသုံးအိမ်သာအား ဆောက်လုပ်ရန်စီစဥ်ခဲ့သူများမှာ မြို့နယ်စည်ပင်ဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများနှင့် အခြားဌာနများဆိုင်ရာဝန်ထမ်းများဖြစ်ပြီး ဟင်္သာတမြို့ပေါ်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီတခုအား ငွေကြေးပေးကာ ဆောက်လုပ်ခိုင်းထားသည်ဟု ဒေသခံတဦးကပြော သည်။

"အာဇာနည်ဗိမာန်ရှေ့မှာ အများသုံးအိမ်သာဆောက်တယ်ဆိုတာ တော်တော်မသင့်တော်တဲ့ကိစ္စပါ။ ပန်းခြံရဲ့အုတ်တံတိုင်းတွေကိုပါ အကုန်ဖြိုချပြီးဆောက်နေတာ။ မြို့ခံတွေကတော့ ဘယ်သူမှမကျေနပ်ကြဘူး။ဒါပေမဲ့ ဒီအချိန်မှာ ဘာမှပြောလို့မရတော့ ဒီတိုင်းကြည့်နေကြရတာပေါ့"ဟု ဒေသခံကဆိုသည်။

ထိုသို့ မြို့နေပြည်သူများအကြား ဝေဖန်မှုများမြင့်တက်နေပြီး ပြစ်တင်ပြောဆိုမှုများရှိနေသော်လည်း စစ်ကောင်စီလက်အောက်ခံများဦးဆောင်ကာ အများသုံးအိမ်သာကို ဆက်လက်ဆောက် လုပ်နေသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် ဟင်္သာတမြို့၌ လက်ရှိရှိနေသည့် အောက်လင်းမီးအိမ်ပုံစံ အာဇာနည်ဗိမာန်အား သံချောင်းများဖြင့်အကွက်လုပ်ကာရံကာ အုန်းဆံကြိုးများတွင် အပင်များစိုက်ပြီး မြန်မာပြည်မြေပုံ ပုံစံပြုလုပ်ခဲ့သေးသည်။

ဒေသခံအများအပြား ဝိုင်းဝန်းကန့်ကွက်မှသာ အာဇာနည်ဗိမာန်အား ကာရံထားသည့်အရာများကို ပြန်ဖျက်ချခဲ့သည်ဟုသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly