ညောင်လေးပင်အခြေစိုက် ခမရ(၂၀)က ကျေးရွာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ နေအိမ်အချို့ ထိခိုက်ပျက်စီး

By YT (မဇ္ဈိမ)
23 August 2023
ညောင်လေးပင်အခြေစိုက် ခမရ(၂၀)က ကျေးရွာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ နေအိမ်အချို့ ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ(၂၀)က ကျေးရွာ များသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နေအိမ် ထိခိုက်ပျက်စီးမှု၊ အိမ်မွေးတိရစ္ဆာန်များအား ထိမှန် မှုများရှိနေကြောင်း သတင်းရရှိသည်။

“ဟောင်ဝှစ်ဇာတွေနဲ့ပစ်တာခင်ဗျ။ ချုံအင်းကျေးရွာကို ညက လေးလုံးကျပါတယ်။ ရေဖြူကန်ကျေးရွာ၊ တော်ဝိကျေးရွာအနီးဝန်းကျင်ကိုလည်း မနေ့ နေ့လည်က သုံးလုံးကျတယ်ဗျ။ ချုံအင်းကျေးရွာမှာတော့ နေအိမ်ထိခိုက်မှု အနည်းအကျဥ်းရှိပြီး နွားတကောင် ပေါင်ထိမှန်ဒဏ်ရာရပါတယ်။ ရွာသားထိခိုက်မှုတော့ မရှိပါဘူး” ဟု တော်လှန်ရေးရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။

ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ခမရ(၂၀) မှ စစ်ကောင်စီတပ်သားများက ညောင်လေးပင်မြို့နယ်၊ ချုံအင်း၊ ရေဖြူကန်၊ တော်ဝိ၊ ကွင်းဒလကြီး၊ ကွင်းဒလလေးကျေးရွာ၊ ပုဇွန်မြောင်း၊ ကျွန်းစုကျေးရွာများ ဘက်သို့ ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ညပိုင်း အထိပစ်ခတ်ခဲ့ကြောင်း သိရ သည်။ 

အဆိုပါ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများအနက် အချို့သည် ချုံအင်း၊ တော်ဝိ၊ ရေဖြူကန် စသည့်ကျေးရွာ များနှင့် အနီးတစ်ဝိုက်တွင် ကျရောက်ပေါက်ကွဲမှုရှိခဲ့ကာ ချုံအင်းကျေးရွာမှ နေအိမ်အချို့ လက်နက်ကြီး ကျည်ထိမှန်ပျက်စီးခဲ့ပြီး ကွင်းဒလကြီးကျေးရွာမှ နွားသုံးကောင် ထိမှန်ခဲ့ကြောင်း သိရသည်။

“မနေ့က နေ့လည် ၁၂ နာရီ ၄၀ ခန့်ကစပြီး မိုးချုပ်တဲ့အထိ လက်နက်ကြီးနဲ့ ၁၅ ချက်လောက်ပစ်တယ်လို့ သိရတယ်။ ချုံအင်း၊ ကွင်းဒလကြီး၊ ကွင်းဒလလေး၊ ပုဇွန်မြောင်း၊ ကျွန်းစုစတဲ့ရွာနားတွေကို ကျတယ်။ လောလောဆယ်တော့ ကွင်းဒလကြီးက နွားသုံးကောင် ထိမှန်ထားတယ်။ မြေပြင်နဲ့ အဆက်အသွယ်ပြတ် သွားတဲ့အတွက် နေအိမ်ထိမှန်မှုတွေရှိပေမယ့် အတိအကျမသိရသေးပါဘူး” ဟု ဒေသတွင်း အမျိုးသမီး သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ဩဂုတ်လ ၂၂ ရက်နေ့က ခမရ(၂၀)မှ ကျေးရွာများအတွင်း လက်နက်ကြီးဖြင့်မပစ်မီတွင် ညောင်လေးပင် မြို့နယ်အခြေစိုက် မြို့ပြပြောက်ကျား(UG) အဖွဲ့က စစ်ကောင်စီတပ်ရင်းတစ်ခုအား ဝင်ရောက်ပစ်ခတ်မှု ပြုလုပ်ခဲ့သေးကြောင်း၊ တပ်ရင်းအမည်နှင့် ထိခိုက်မှုများအား စုံစမ်းနေဆဲသာဖြစ်ကြောင်း တော်လှန်ရေး ရဲဘော်တဦးထံမှ သိရသည်။ 

လက်ရှိတွင် ညောင်လေးပင်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ခြင်း၊ စစ်ဆေးရေး ဂိတ်များ တိုးမြှင့်ဖွင့်လှစ်မှုများ ပြုလုပ်လာကြောင်း သိရသည်။
“ပုဇွန်မြောင်းမှာ အရင်ကဂိတ်နှစ်ခုပဲရှိတာ၊ အခုဆို လေးခုလောက်ထိ တိုးထားပါတယ်။ တော်ဝိကျေးရွာ မှာလည်း အင်အားအနည်းငယ်ထပ်တိုးထားတယ်လို့ သိရတယ်။ သံဆိပ်ဘက်မှာလဲ အင်အား ၈၀ လောက် တိုးလာတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ညောင်လေးပင်၊ မုန်း၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ရွှေကျင်၊ ဖြူးမြို့နယ်တို့သည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေအတွင်းတည်ရှိပြီး နေရာအနှံ့အပြား၌ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲများ မကြာ ခဏဖြစ်ပွားနေသည့် နယ်မြေများဖြစ်သည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly