ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးတိုက်ပွဲတွင်  စစ်ကောင်စီတပ် ၁၀ ဦး သေဆုံး

By YT  ( မဇ္ဈိမ)
27 July 2023
ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးတိုက်ပွဲတွင်  စစ်ကောင်စီတပ် ၁၀ ဦး သေဆုံး

ညောင်လေးပင်မြို့နယ်အနီးတဝိုက် ရန်ကုန်-မန္တလေးလမ်းဟောင်းနံဘေး နှစ်ရက်ဆက်တိုက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးသေဆုံးသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထုတ်ပြန် ချက်အရသိရသည်။

ဇူလိုင်လ ၂၅ ရက် နှင့် ၂၆ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပိန်းဇလုပ်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ် အကြား ရေတွင်းကုန်းနှင့် ယောက်သွားကုန်းကျေးရွာများအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ ပူးပေါင်းထားသော တော်ဝင်ဒေါင်း စစ်ကြောင်းတို့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၁၀ ဦးသေ၍ ၃၀ ကျော်ဒဏ်ရာရသည်ဟု ဆိုသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်ရှစ်ဦး ဒဏ်ရာရခဲ့သည်ဟု မဇ္ဈိမစုံစမ်းသိရသည်။ 

ကရင်နယ်ခြားစောင့်တပ်(BGF)များလည်းပါဝင်သော စစ်ကောင်စီတပ် အင်အား ၈၀ ကျော်သည် ဇူလိုင် လ ၂၅ ရက်နေ့ ညနေပိုင်းတွင် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်ရာက တိုက်ပွဲစခဲ့သည်။
တိုက်ပွဲများအပြီးတွင် စစ်ကောင်စီတပ်သား အလောင်းတလောင်းနှင့်အတူ G-3 တလက်၊ ကျည်အိမ် လေး ခု၊ ကျည်ဆန် ၁၅၀ တောင့်၊ ၆၀ မမ ဗုံးသီးတလုံးကို တွေ့ရှိသိမ်းဆည်းရခဲ့သည်ဟု တော်ဝင်ဒေါင်း စစ်ကြောင်းက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ကျောင်းကုန်း၊ ရေတွင်းကုန်းနှင့် ယောက်သွားကုန်းကျေးရွာ များမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

“အကုန်လုံးက နီးစပ်ရာဘုန်းကြီးကျောင်းတို့ဘာတို့ကို ထွက်ပြေးကြတာပေါ့။ ရွာသားတွေကို ရိုက်တဲ့ ကောင်ကရိုက်၊ နှိပ်စက်တဲ့အကောင်က နှိပ်စက်နဲ့။ ရွာသားတယောက်အဖမ်းခံရတာ ကရင်လူမျိုးဖြစ်နေ တော့ BGF က အရာရှိကသနားလို့ လွှတ်ပေးလိုက်တာ။ မဟုတ်ရင် စစ်ကောင်စီတပ်က သတ်တော့မှာ” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ညောင်လေးပင်မြို့နယ်သည် KNLA တပ်မဟာ (၃) ၏ နယ်မြေတခုဖြစ်ပြီး ဇူလိုင်လအတွင်း တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်နေခဲ့သည်။

ဇူလိုင်လ ၁၄ ရက်မှ ၁၉ ရက်နေ့အတွင်း ကောက်မယ်သူနှင့် တော်ဝိကျေးရွာအနီးတို့တွင် နှစ်ဘက်တပ် များ တိုက်ပွဲကိုးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၃ ဦးသေဆုံး၍ ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ဇူလိုင်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly