ထိုင်းလွှတ်တော်က ဆရက်သာ သာဗီဆင်ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်

ထိုင်းလွှတ်တော်က ဆရက်သာ သာဗီဆင်ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်
Photo: EPA

ထိုင်းလွှတ်တော်အမတ်များသည် အိမ်ခြံမြေလုပ်ငန်း သူဌေးကြီး ဆရက်သာ သာဗီဆင်ကို နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ဩဂုတ် ၂၂ ရက်တွင် အတည်ပြုလိုက်သည်။ ယင်းအတွက်ကြောင့် သုံးလကြာ နိုင်ငံရေး မဆုတ်သာ မတိုးသာ အခြေအနေကို အဆုံးသတ်စေခဲ့သည်။

ပြည်ပတွင် သွားရောက်တိမ်းရှောင်နေသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ နိုင်ငံသို့ ပြန်ရောက်လာသည့်နေ့မှာပင် ထိုင်းဝန်ကြီးချုပ်သစ်ကို ပါလီမန်၌ မဲခွဲဆုံးဖြတ်ခြင်းလည်း ဖြစ်သည်။

ဆရက်သာသည် ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် အတည်ပြုခံရရန် လွှတ်တော်နှစ်ရပ်ရှိ ပါလီမန်တွင် ထောက်ခံမဲ အများစုကို အလွယ်တကူ ရယူနိုင်ခဲ့သည်။

၎င်း၏ ဖျူထိုင်းပါတီသည် ပြီးခဲ့သည့် မေလ ရွေးကောက်ပွဲတွင် ဒုတိယမဲအများဆုံး ရရှိခဲ့သည်။

ဆရက်သာသည် ယခင်စစ်အုပ်စု ခန့်အပ်သော အထက်လွှတ်တော်အမတ်များနှင့် ရွေးကောက်ခံ အောက်လွှတ်တော်အမတ်များထံမှ ထောက်ခံမှု အများစုအတွက် လိုအပ်သည့် မဲ ၃၇၄ မဲကို ရရှိခဲ့ကြောင်း ပါလီမန်ရုပ်သံတွင် တိုက်ရိုက်လွှင့်သည့် မဲပေးမှုများအပေါ် အေအက်ဖ်ပီ၏ ရေတွက်မှုအရ သိရသည်။

ဖျူထိုင်းပါတီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အနက် ၃၁၄ နေရာကို ထိန်းချုပ်ထားနိုင်သည်။

သို့သော် ဖျူထိုင်းပါတီ၏ ယခင်ပြီးခဲ့သည့် ဝန်ကြီးချုပ်ကို ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းအုပ်စုဝင်ဟောင်းများ၏ စစ်တပ်လိုလားသော ပါတီများ အပါအဝင် ပြိုင်ဘက်ဟောင်းများကို မိတ်ဖက်အုပ်စုတွင် လက်ခံကြိုဆိုခြင်းအားဖြင့် ဖျူထိုင်းပါတီအနေဖြင့် အငြင်းပွားဖွယ်ရာတို့ကို ဖြစ်စေခဲ့သည်။

ဖျူထိုင်း တည်ထောင်သူ သက်ဆင် ရှင်နာဝါထရာ ၂၀၀၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံသို့ ပြန်ရောက်လာပြီး ထောင်ဒဏ်ချမှတ်ခံရပြီးနောက် နာရီပိုင်းအကြာတွင် ပါလီမန်မဲပေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရခဲ့သည့် ရှေ့သို့ချီ (MFP) ပါတီ၏ ခေါင်းဆောင်ကို ဝန်ကြီးချုပ် ဖြစ်မလာစေရန် ကွန်ဆာဗေးတစ်၊ စစ်တပ်လိုလားသော အုပ်စုများက ပိတ်ပင်တားမြစ်ပြီးနောက် ဖျူထိုင်းပါတီက ဦးစီးဦးဆောင်ပြုပြီး အစိုးရဖွဲ့ရန် ဝင်ရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly