ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေထိုင်ပြီးနောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုင်ငံသို့ ပြန်လာ

ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေထိုင်ပြီးနောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုင်ငံသို့ ပြန်လာ

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာသည် ပြည်ပတွင် ၁၅ နှစ်ကြာ သွားရောက်တိမ်းရှောင်နေထိုင်ပြီးနောက် ယနေ့ ဩဂုတ် ၂၂ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
နိုင်ငံတွင် ဝန်ကြီးချုပ်သစ်တဦးကို မဲခွဲဆုံးဖြတ်မည့် ပါလီမန် မဲခွဲမှု မတိုင်မီ နာရီများအလိုတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုင်ငံသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။

ဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဒေသစံတော်ချိန် မနက် ၉ နာရီက ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဘန်ကောက်၏ ဒွန်မောင်းလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ရာ စာတန်းများ ဝှေ့ရမ်းပြီး သီချင်းများ ဆိုနေကြသည့် “ရှပ်နီ” ထောက်ခံသူ ရာနှင့်ချီတို့က ကြိုဆိုခဲ့ကြသည်။

သက်ဆင်သည် လေဆိပ် terminal အဆောက်အအုံမှ တခဏမျှ ပေါ်လာပြီး လေးစားဂါရဝထားမှုကို ပြသသည့်အနေဖြင့် ဘုရင် မဟာ ဝီဇယလောင်ကွန်း၏ ပုံတူတခုရှေ့၌ ဦးညွှတ်ဂါရဝပြုခဲ့သည်။
ထို့နောက် မန်ချက်စတာစီးတီး ဘောလုံးအသင်းပိုင်ရှင်ဟောင်း သက်ဆင်ကို ယခင်ပြစ်မှုဆိုင်ရာ အမှုများအတွက် ဖမ်းဆီးခြင်းကို ရင်ဆိုင်စေရန် တာဝန်ရှိသူများက ဦးဆောင်ခေါ်ငင်သွားကြသည်။

ထိုင်း ဥပဒေပြုလွှတ်တော်အမတ်များသည် ဖျူထိုင်းပါတီ ဦးဆောင်သော ညွန့်ပေါင်းအုပ်စု တင်သွင်းသော ကိုယ်စားလှယ်လောင်း စီးပွားရေးလုပ်ငန်းရှင် ဆရက်သာ သာဗင်ဆင်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မည်လား ဆိုသည်ကို ယနေ့ မွန်းလွဲပိုင်းတွင် မဲခွဲဆုံးဖြတ်ကြမည် ဖြစ်သည်။

ထိုင်းစစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာသိမ်းမှုကြောင့် သက်ဆင်နည်းတူ ဖြုတ်ချခံခဲ့ရသည့် ညီမဖြစ်သူ ယင်လတ် ရှင်နာဝါထရာ အစောပိုင်းက တင်ခဲ့သည့် ဖေ့ဘွတ်ခ်ဗီဒီယိုတခုတွင် အသက် ၇၄ နှစ်ရှိ သက်ဆင်သည် စင်္ကာပူ၌ ၎င်း၏ ဂျက်လေယာဉ်ပေါ် တက်ချိန် လေယာဉ်အမှုထမ်းများနှင့် လက်ဆွဲနှုတ်ဆက်နေပုံကို ပြသသည်။

“ခုနောက်ဆုံးမှာတော့ ရှင်တို့ စောင့်နေကြတဲ့နေ့က ရောက်လာပါပြီ” ဟု ယင်လတ်က ရေးသည်။သက်ဆင်အတွက် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် စခဲ့သည့် နေ့သည် အကျဉ်းထောင်အခန်းတစ်ခု၌ အဆုံးသတ်ရဖွယ် ရှိသည်။ သက်ဆင်၏ နိုင်ငံရေးလုပ်သက်အတွင်း ရွေးကောက်ပွဲ နှစ်ကြိမ် အနိုင်ရခဲ့သလို အာဏာသိမ်းမှု၌ ဖြုတ်ချခံခဲ့ရကာ ပြစ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီး နှစ်များကြာ ပြည်ပတွင် တိမ်းရှောင်နေထိုင်ရမှုတို့ကို မြင်တွေ့ခဲ့ရသည်။

မိခင်နိုင်ငံသို့ ပြန်လာရန်နှင့် မြေးများနှင့် တွေ့ရန် ၎င်းအနေဖြင့် တရားဥပဒေနှင့် ရင်ဆိုင်ရန် အသင့်ရှိသည်ဟု သက်ဆင်က ပြောထားသည်။ ၎င်းအပေါ် စွဲဆိုထားသည့် ပြစ်မှုများသည်လည်း နိုင်ငံရေးအရ အရင်းခံလှုံ့ဆော်မှုရှိသည်ဟု သက်ဆင်က ကာလကြာကတည်းက ပြောခဲ့သည်။

Ex-PM Thaksin returns to Thailand after 15 years in exile

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly