မြန်မာတွင် ဖမ်းဆီးခံရသည့် ရုပ်ရှင်ရိုက်ကူးသူကို ဆက်သွယ်ကူညီပေးနေဟု ဆွစ်ဇာလန်အစိုးရ ပြော

မြန်မာတွင် ဖမ်းဆီးခံရသည့် ရုပ်ရှင်ရိုက်ကူးသူကို ဆက်သွယ်ကူညီပေးနေဟု ဆွစ်ဇာလန်အစိုးရ ပြော

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို ညှိုးနွမ်းထိခိုက်စေမှုဖြင့် ဆွစ်ဇာလန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး သံတမန်များက မြန်မာရှိ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း ဆွစ်ဇာလန်တာဝန်ရှိသူတို့က ဩဂုတ် ၁၉ ရက်တွင် ပြောသည်။

အသက် ၅၂ နှစ်ရှိ ဆွစ်ဇာလန်အမျိုးသားတစ်ဦးဖြစ်သည့် Didier Nusbaumer သည် ဗုဒ္ဓသံဃာတော်များ၏ ကျင့်ဝတ်သိက္ခာနှင့် ဂုဏ်ကို ထိခိုက်စေနိုင်သည့် ဇာတ်လမ်းတစ်ခုကို စီစဉ်ညွှန်ကြား ရိုက်ကူးမှုအတွက် ဩဂုတ် ၈ ရက်က ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း နိုင်ငံ၏ စစ်တပ်က ဩဂုတ် ၁၈ ရက် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

မြန်မာတွင် ရှိနေသည့် ဆွစ်ဇာလန် သံတမန်များသည် Nusbaumer ၏ အခြေအနေနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်သွယ်ထားကြောင်း ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက အေအက်ဖ်ပီကို အီးမေးလ်ဖြင့် ပြောသည်။

ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထိုကိစ္စကို သိရှိထားပြီး မြန်မာပြည်တွင်းရှိ ဆွစ်ဇာလန် ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း သူမက ပြောသည်။

ဗုဒ္ဓဘာသာဝင် အများစု ရှိရာ မြန်မာနိုင်ငံတွင် လူအများအပြားအတွက် ဘာသာရေးသည် နေ့စဉ်ဘဝ၏ အရေးကြီးသော အပိုင်းတစ်ခု ဖြစ်ပြီး သင်္ကန်းဝတ် ရဟန်းသံဃာများသည် မနက်တိုင်း လမ်းများတွင် ဆွမ်းခံကြွကြသလို ဓမ္မာရုံများသည် ညနေခင်းအထိ ဘာသာရေးဆိုင်ရာတို့ကို အသံချဲ့စက်ဖြင့် ဖွင့်လေ့ ရှိသည်။

“ဘာမှ မမျှော်လင့်ပါနဲ့” ဟု အမည်ပေးထားသော ၇၅ မိနစ်ခန့်ရှိမည့် အဆိုပါ ဇာတ်လမ်းကို Buddhist YouTube နှင့် TikTok ချန်နယ်တို့တွင် ဇူလိုင်လက တင်ထားခြင်း ဖြစ်သည်ဟု မြန်မာစစ်တပ် ပြန်ကြားရေးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇာတ်လမ်းထဲတွင် “မိန်းမငယ်တစ်ဦးက သံဃာတော်များ၏ စင်ကြယ်သော အကျင့်သီလကို ထိခိုက်နစ်နာစေခြင်းဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများအပေါ် ရုန့်ရင်းကြမ်းတမ်းစွာ စော်ကားပြောဆိုထားသည်” ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။ အသေးစိတ်ကိုမူ မဖော်ပြပေ။
ထိုဇာတ်လမ်းတွင် ပါဝင်ပတ်သက်သည့် အခြားလူ ၁၃ ဦးကိုလည်း ဖမ်းဆီးထားပြီး ၎င်းတို့သည် သံဃာတော်များ၏ အကျင့်သီလနှင့် သိက္ခာကို ကျစေအောင် ဂရုမစိုက်ဘဲ ပြုမူထားသည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။

Swiss officials in contact with filmmaker arrested in Myanmar
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required