မုန်တိုင်းဘေး ကူညီကယ်ဆယ်ရေးအတွက် ကမ္ဘောဒီးယားက ကန်ဒေါ်လာ ၃၀၀,၀၀၀ လှူဒါန်း

By Phnompenh Post
02 June 2023
မုန်တိုင်းဘေး ကူညီကယ်ဆယ်ရေးအတွက် ကမ္ဘောဒီးယားက ကန်ဒေါ်လာ ၃၀၀,၀၀၀ လှူဒါန်း

လူရာနှင့်ချီကာ သေဆုံးရသော မကြာသေးခင်က သဘာဝဘေး ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံအား လူသားချင်း စာနာထောက်ထားရေး အကူအညီ အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ ကို ကမ္ဘောဒီးယားနိုင်ငံက လှူဒါန်းသည်။

မကြာသေးခင်က မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးဒုက္ခများ၏ သက်ရောက်မှုကို ဖြေရှင်းနိုင်ရေး မြန်မာနိုင်ငံ၏ ဆောင်ရွက်ဆဲ အားထုတ်မှုများအား ထောက်ပံ့ရန် လူသားချင်း စာနာထောက်ထားရေး အကူအညီ ဒေါ်လာ ၃၀၀,၀၀၀ ပေးလှူသည်ဟု နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ဇွန် ၂ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုးအိမ်များနှင့် အခြေခံ အဆောက်အအုံများ ဆိုးဆိုးဝါးဝါး ပျက်စီးရသည်ဟု ယင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဇွန် ၂ ရက်က အတွင်းဝန် အမျိုးသမီး နင်း ခမ်မာရာထံမှ အဆိုပါ အကူအညီလှူဒါန်းမှုကို မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက လက်ခံရယူသည်။

မြန်မာနိုင်ငံက အသက်အိုးအိမ်များအပေါ် သက်ရောက်နေဆဲ မုန်တိုင်းဘေးအတွက် အလွန်စိတ်မကောင်းရကြောင်းကို ခမ်မာရာ ဖော်ပြသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိ စိန်ခေါ်မှုများကို အလျင်အမြန် ကျော်လွှားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။

“လူသားချင်း စာနာထောက်ထားရေးအပြင် ကမ္ဘောဒီးယားနဲ့ မြန်မာကြားက မိတ်ဖက်ဆက်ဆံရေးနဲ့ စည်းလုံးညီညွတ်မှု သင်္ကေတအဖြစ် လှူဒါန်းမှုပဲ ဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.phnompenhpost.com/national/cambodia-gifts-300k-cyclone-relie...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required