ကျောက်ကြီးမြို့နယ်တွင် ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံများ တိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေ 

By YT (မဇ္ဈိမ)
20 August 2023
ကျောက်ကြီးမြို့နယ်တွင် ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံများ တိမ်းရှောင်နေရပြီး အကူအညီလိုအပ်နေ 
ပုံအညွှန်း- စစ်ဘေးရှောင်များ(ဓါတ်ပုံ- KNU-ပုံဟောင်း)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး သဘာဝဘေးဒဏ်များပါ ခံစားနေရ၍ အကူအညီများ လိုအပ်နေကြောင်း ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၏ ထုတ်ပြန်ချက်နှင့် တာဝန်ရှိသူထံက သိရသည်။ 

"အခု စစ်ကောင်စီက ပြည်သူတွေကို ပြည်သူလို့မမြင်ဘူး။ ရန်သူလို သဘောထားပြီး ပစ်ခတ်နေတယ်" ဟု ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (ကျောက်ကြီးမြို့နယ်)မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ကျောက်ကြီးမြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ဖြစ်ပွားသည့် တိုက်ပွဲများ၊ စစ်ကောင်စီတပ်ဖွဲ့၏ ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ဒေသခံများအား အကြောင်းမဲ့ဖမ်းဆီးမှု၊ မီးရှို့သတ်ဖြတ်မှု အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။ 

ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (ကျောက်ကြီးမြို့နယ်) အနေဖြင့် စစ်ဘေးရှောင်ကျေးရွာ ၄၀ ကျော်အနက် ကျေးရွာ ၁၀ ရွာကိုသာ စာရင်းပြုစုနိုင်သေးပြီး အဆိုပါ ကျေးရွာ ၁၀ ရွာတွင် ဒေသခံ ၈,၀၀၀ နီးပါးရှိကြောင်း၊ ကျန်ရှိနေသည့် ကျေးရွာများမှ လူဦးရေများကိုလည်း စာရင်းပြုစုနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်ဘေးရှောင်များသည် စစ်ဘေးဒဏ်များအပြင် မိုးတွင်းကာလဖြစ်၍ သဘာဝဘေးအန္တရာယ်များကိုလည်း ခံစားနေရကာ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှုရှိနေကြောင်း၊ အဆိုပါ စစ်ဘေးရှောင်များအတွက် ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးအတွက် အကူအညီများ လိုအပ်နေကြောင်း ဆိုသည်။

လက်ရှိတွင် ကျောက်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်အရေအတွက်၏ ၇၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး အဆိုပါ စစ်ဘေးရှောင် အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် နို့တိုက်မိခင်များအတွက် အစားအသောက်၊ ဆေးဝါး၊ ရေ စသည့်အခက်အခဲများစွာ ရှိနေကြောင်း ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူက  ပြောသည်။ 

"အမျိုးသမီးကတော့ ခုနစ်ဆယ် ရာခိုင်နှုန်းလောက် ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေအတွက်တော့ ခက်ခဲတာတွေတော့ရှိတယ်။ ဒေသခံပေါင်း ၁၀,၀၀၀ ကျော်လောက်ရှိတယ်။ သွေးလွန်တုပ်ကွေး အဖြစ်များနေတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ များတယ်။ လုံလောက်တာတော့မရှိဘူး အဓိကကျတဲ့ ဆန်၊ ဆီ၊ ဆားလောက်ကတော့ ရပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

၂၀၂၃ ခုနှစ် ၊ မေလမှ ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ပြည်သူများအပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်မှုများကြောင့် ကျောက်ကြီးမြို့နယ်တွင် ဒေသခံ ၁၁ ဦးသေဆုံး၍ ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ ဒေသခံနေအိမ် ၄၀ လုံးထက်မနည်း ပျက်စီးခဲ့ရပြီး ပြည်သူ ၁၈ ဦး ထောင်ချခံထားရကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် KNU နယ်မြေများ၌ စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူ ၆၀၀,၀၀၀ ကျော်ရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

စာတည်း။       ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required