ကမ္ဘာ့စီးပွားရေးတွင် အကျိုးအမြတ်များစွာရရှိရန် အိန္ဒိယ မျှော်မှန်းထား

By Asian Lite
16 August 2023
ကမ္ဘာ့စီးပွားရေးတွင် အကျိုးအမြတ်များစွာရရှိရန် အိန္ဒိယ မျှော်မှန်းထား

အိန္ဒိယသည် ကမ္ဘာပေါ်တွင် ဖြည်းဖြည်းမှန်မှန်မှသည် ခပ်မြန်မြန်၊ ခပ်မြန်မြန်မှသည် အမြန်ဆုံး စီးပွားရေး တိုးတက်လျက်ရှိသည်။ ၎င်းသည် စီးပွားရေး အင်အားကြီးနိုင်ငံများအနက် စီးပွားရေးတိုးတက်မှု အမြန်ဆုံး ဖြစ်လာသည်။ စားသုံးသူအခြေပြု စီးပွားရေးတွင် ဂျီဒီပီ ရာခိုင်နှုန်းအရ ၅၆ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။ အခြား ထူးခြားချက်များမှာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၀ ဘီလီယံ ရရှိရန်၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ဒေါ်လာ ၅ ထရီလီယံ ပမာဏရှိ စီးပွားရေး ရရှိရန်၊ ၂၀၂၉-၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့ တတိယ စီးပွားရေးအင်အားအကြီးဆုံး ဖြစ်လာရန်၊ ၂၀၃၀ ပြည့်နှစ်တွင် ပို့ကုန် ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှု ပို့ကုန်တို့မှ ဒေါ်လာ ၁ ထရီလီယံစီ ရရှိရန် မျှော်မှန်းထားသည်။ 

အိန္ဒိယနိုင်ငံသည် ၎င်း၏ စီးပွားရေး အရွယ်အစားကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၄ ထရီလီယံ၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ဒေါ်လာ ၅ ထရီလီယံနှင့် ၂၀၂၉-၂၀၃၀ ခုနှစ်များတွင် တတိယ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာစေရန် တိုးမြှင့်ဆောင်ရွက်နေခြင်းနှင့်အတူ လာမည့်နှစ်များစွာအတွင်း တရုတ်နိုင်ငံထက် သိသာ မြန်ဆန်စွာ တိုးတက်ရန် မျှော်မှန်းထားသောကြောင့် ၎င်းသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတွင် အကျိုးအမြတ်များ ပိုမို ရရှိလာနေသည်။ 

ကမ္ဘာ့စီးပွားရေးသည် လွန်ခဲ့သည့် ၃ နှစ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်းများ၊ ပထဝီနိုင်ငံရေး ပဋိပက္ခများ တိုးလာခြင်း၊ ငွေကြေးမူဝါဒများ မြန်မြန်ဆန်ဆန် တင်းကျပ်ခြင်းနှင့် စီးပွားရေး အင်အားကြီးနိုင်ငံများရှိ လတ်တလော ဘဏ်လုပ်ငန်းဆိုင်ရာ ပြဿနာများကြောင့် လှုပ်ခတ်မှုများစွာ ကြုံတွေ့နေရသည်။ ဤကဲ့သို့ မသေချာမရေရာမှုများ မြင့်တက်လာပြီး ကြီးမားသည့် အခက်အခဲများရှိနေသော်လည်း အိန္ဒိယစီးပွားရေးသည်  ဒူပေနာပေ ခံနိုင်ရည် မြင့်မားကြောင်း ကမ္ဘာ့စီးပွားရေးအခြေပြဇယားတွင် တွေ့နိုင်သည်။ 

အိန္ဒိယစီးပွားရေးသည် ဖြည်းဖြည်းမှန်မှန်မှသည် ခပ်မြန်မြန်၊ ခပ်မြန်မြန်မှသည် အမြန်ဆုံး တိုးတက်လျက်ရှိကြောင်း ၎င်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေက ဖော်ပြနေသည်။ ၂၁ ရာစုအတွင်း တိုးတက်မှုလမ်းကြောင်းသည် ၂၀၀၈-၂၀၀၉ စီးပွားရေးပျက်ကပ်နှင့် ၂၀၂၀-၂၀၂၁ ကိုရိုနာဗိုင်းရပ် ကပ်ရောဂါ အကျပ်အတည်းများမှ သိသိသာသာ ပြန်လည်နာလန်ထူလာခြင်းကြောင့် ပိုမိုခိုင်မာအားကောင်းလာသည်။  

လတ်တလော တိုးတက်မှုလမ်းကြောင်းသည် အိန္ဒိယပြည်သူများသာမက အိန္ဒိယသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလောကတွင် တောက်ပနေသော ကြယ်တစ်ပွင့်ဖြစ်ကြောင်း ပြောဆိုထားသည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) ကဲ့သို့ ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်းများကပါ အိန္ဒိယနိုင်ငံ၏ အားသာချက်များနှင့်ပတ်သက်၍ မျှော်လင့်ချက်များစွာ ဖန်တီးပေးခဲ့သည်။ 

ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်းအသီးသီး၏ အိန္ဒိယနိုင်ငံဆိုင်ရာ တိုးတက်မှုခန့်မှန်းချက်မှာ အလားအလာ ကောင်းနေသည်။ ပြီးခဲ့သည့်နှစ်များစွာအတွင်း လုပ်ဆောင်ခဲ့သော ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် ကိုရိုနာဗိုင်းရပ်၏ ဆိုးရွားသော အကျိုးဆက်များမှ အိန္ဒိယစီးပွားရေးကို ပြန်လည် နာလန်ထူလာစေရုံသာမက လတ်တလော ပထဝီနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကို ရင်ဆိုင်ရန် စီးပွားရေးအခြေခံကောင်းများ ဖော်ဆောင်ပေးခဲ့သည်။ 

ထို့ပြင် ၂၀၂၃ ခုနှစ်မှ ၂၀၂၈ ခုနှစ် ကာလအတွင်း ထိပ်တန်းစီးပွားရေး ၁၀ နိုင်ငံအနက် တိုးတက်မှုနှုန်းတွင် အိန္ဒိယက ၆ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေမည်ဖြစ်ပြီး တရုတ်က ၎င်းထက် ၂ ရာခိုင်နှုန်း သိသိသာသာ လျော့နည်းကာ တိုးတက်မှု ၄ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ကပ်လိုက်နေမည် ဖြစ်ကြောင်း မကြာသေးမီက IMF အချက်အလက်များတွင် ဖော်ပြထားသည်။ 

အိန္ဒိယစီးပွားရေးသည်  ပုံမှန်တိုးတက်မှုလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနေပြီး အစိုးရ၊ ဗဟိုဘဏ်နှင့် စက်မှုလုပ်ငန်းတို့၏ မဆုတ်မနစ်သော ပံ့ပိုးကူညီမှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသစ်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း အဓိက စီးပွားရေးနှင့် လုပ်ငန်းညွှန်းကိန်းများဆိုင်ရာ စွမ်းဆောင်ရည်များက ဖော်ပြနေသည်။ 

လွန်ခဲ့သည့် ၃ နှစ်အတွင်း အစိုးရက ဆောင်ရွက်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကို ကျောရိုးပြု၍ လာမည့်နှစ်များအတွင်း စီးပွားရေးတိုးတက်မှု လမ်းကြောင်းသည် ပိုမိုအားကောင်းလာမည်ဟု မျှော်လင့်ရသည်။ ပြုပြင်ပြောင်းလဲမှုများသည် ရှေ့ကာလများတွင် ပိုမိုမြင့်မားသော တိုးတက်မှုလမ်းကြောင်းအတွက် ခိုင်ခိုင်မာမာ အုတ်မြစ်ချပေးခဲ့သည်။

မကြာသေးမီက IMF ၏ ခန့်မှန်းချက်များအရ အိန္ဒိယ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ပမာဏသည် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၄ ထရီလီယံကျော်နှင့် ၂၀၂၇ ခုနှစ်တွင် ဒေါ်လာ ၅ ထရီလီယံကျော်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့ကြောင့် တစ်ဦးချင်းဝင်ငွေသည် ၂၀၂၃ ခုနှစ်တွင် ၂၆၀၁ ဒေါ်လာမှ ၂၀၂၄ ခုနှစ်တွင် ၂၈၀၂ ဒေါ်လာနှင့် ၂၀၂၈ ခုနှစ်တွင် ၃၇၅၀ ဒေါ်လာအထိ တိုးလာမည် ဖြစ်သည်။ 

အိန္ဒိယသည် စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပြုပြင်ပြောင်းလဲခြင်းကို အလေးထား လုပ်ဆောင်လျက်ရှိသည်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် တိုးတက်မှုလမ်းကြောင်းနှင့် ကမ္ဘာ့အသိုင်းအဝိုင်းရှိ အိန္ဒိ၏ အဆင့်အတန်းနှင့် ပုံရိပ်ကို ပိုမို ခိုင်မာအားကောင်းလာစေမည် ဖြစ်သည်။ 

India Looks Lucrative in the Global Economic Charts
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required