ယင်းမာပင်မြို့နယ်တွင် လူသားဒိုင်းအဖြစ်ဖမ်းဆီးလာသော ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်

By လွှမ်းမိုး(မဇ္ဈိမ)
16 August 2023
ယင်းမာပင်မြို့နယ်တွင် လူသားဒိုင်းအဖြစ်ဖမ်းဆီးလာသော ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ ယမားတံတားအနီးနှင့် ဝါဒိုင်စိုက်ပျိုးရေးရုံးအနီးတွင် စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသူခုနစ်ဦးကို သေနတ်ဖြင့်ပစ်သတ် ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆက် လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
“နံနက်ပိုင်းကနေအခုထိ စစ်တပ်ကပစ်သတ်လို့ သေဆုံးနေတဲ့ ရုပ်အလောင်း ခုနစ်လောင်းတွေ့ရှိထားပါ တယ်။ အလောင်းခြောက်လောင်းကိုတော့ရထားပြီးပါပြီ။ ကျန်တဲ့အလောင်းတလောင်းက ယမားချောင်း ထဲမှာ ရေစီးလျော့သွားတာနဲ့ ဆယ်ယူဖို့ ကျနော်တို့ လုပ်နေတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြင့်ဖမ်းဆီးခေါ်ဆောင်လာပြီး သတ်ဖြတ်ခံရသူများအနက်မှ စိစစ်အတည်ပြုထားနိုင်သူများမှာ ပုလဲမြို့ နယ် လည်ငေါက်ကျေးရွာမှ ဦးဖိုးဉာဏ် ( ၄၈ နှစ်) ၊ ဦးသိန်းငွေ (၄၄ နှစ်) ၊ ဦးဇော်မြင့်ဌေး (၃၄ နှစ်)၊ ဦးဇော်မျိုးခိုင် (၂၂ နှစ်)နှင့် ငှက်ပျောတောကျေးရွာမှ ဦးဝင်းဇော်ဦး (၄၅ နှစ်)၊ ဦးကျော်မျိုးဝင်း (၃၈ နှစ်)တို့ဖြစ်ကြောင်း ကူညီရှာဖွေရေးဆောင်ရွက်နေသည့် ဒေသခံတဦးထံမှ သိရသည်။

ပုလဲမြို့နယ်မှထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယခုအခါ ဝမ်ပေါင်-ယန်စီကုမ္မဏီတွင်ရောက်ရှိနေပြီး ကြေးနီသယ်ဆောင်ရေးအတွက် လုံခြုံရေးယူပေးနေကြောင်းသိရ သည်။

ယင်းမာပင်မြို့နယ်တွင် ပြီးခဲ့သော ဇူလိုင်လ ၂၁ ရက်နေ့ကလည်း အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ် ကြောင်းက  စုန်းချောင်းကျေးရွာ၌ ဒေသခံ ၁၁ ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly