ကလေးမြို့နယ်တွင် အမျိုးသမီးအပါအဝင် ဒေသခံ ၃ဦး မီးရှို့သတ်ဖြတ်ခံရ

By ကိုခင်မောင် (မဇ္ဈိမ)
15 August 2023
ကလေးမြို့နယ်တွင် အမျိုးသမီးအပါအဝင် ဒေသခံ ၃ဦး မီးရှို့သတ်ဖြတ်ခံရ
ပုံ -CNO Upper Chindwin Region (UCR)

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့လှရပ်ကွက်နှင့် စက္ကန့်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့က အမျိုးသမီးအပါအဝင် ဒေသခံသုံးဦးကို သတ်ဖြတ်မီးရှို့သွားကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် အထက်ချင်းတွင်းဒေသအဖွဲ့က သြဂုတ်လ ၁၄ရက်တွင် သတင်းထုတ်ပြန်သည်။

“ကျွန်းချောင်းကျေးရွာက သားအမိကိုသတ်ဖြတ်ပြီး အလောင်းကိုမီးရှို့ထားတဲ့ပြာ တွေ့တယ်၊ဆိုင်ကယ်တစီး မီးရှို့ထားတာလည်း တွေ့ရပါတယ်”ဟု ချင်းအမျိုးသားအဖွဲ့ချုပ် အထက်ချင်းတွင်းဒေသအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီးက မဇ္စျိမသို့ပြောသည်။

မြို့လှရပ်ကွက်နှင့် စက္ကန့်ကျေးရွာကြားရှိ ကျောက်ခွဲစက်၊ အိမ်တလုံး၊ စက်ကြီးနှစ်စီးနှင့် ကားတစီးတို့ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားကြသည်ဟု ၎င်းကဆိုသည်။

ပုံအညွှန်း - စစ်ကောင်စီတပ်၏ မီးရှို့မှုမြင်ကွင်း

 

ပုံအညွှန်း - စစ်ကောင်စီတပ်၏ မီးရှို့မှုမြင်ကွင်း

“ကျောက်ခွဲစက်အနီးမှာလည်း အသက် ၃၀အရွယ် အမည်မသိအမျိုးသားအလောင်းလည်း တွေ့ပါတယ်” ဟု ချင်းအမျိုးသားအဖွဲ့ချုပ် အထက်ချင်းတွင်းဒေသအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီးက မဇ္စျိမသို့ပြောသည်။

မီးရှို့သတ်ဖြတ်ခံရသည့် သားအမိနှစ်ဦးမှာ အသက် ၅၀နှစ်အရွယ် ဒေါ်ဟွေးအီယာန်နှင့်  အသက် ၃၀နှစ်အရွယ် ကိုစမူအဲလ်တို့ဖြစ်ပြီး သြဂုတ်လ ၁၂ရက်က ကျွန်းချောင်းကျေးရွာမှ ကလေးမြို့ဘက်သို့  ဆေးခန်းပြရန် သွားနေစဥ် ထိုသို့ဖြစ်ပွားရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလေးမြို့နယ် မြို့လှရပ်ကွက်နှင့် စက္ကန့်ရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်  ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား သြဂုတ်လ ၁၀ရက် ညနေ ၃နာရီအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ သြဂုတ်လ ၁၂ရက်အထိ သုံးရက်ဆက်တိုက် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၀ဦးသေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရရှိကာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်အရ သိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲအပြီး သြဂုတ်လ ၁၃ရက်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စက္ကန့်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားသော နင်းမိုင်း ၁၀ လုံးကိုလည်း အထိအခိုက်မရှိ ပြန်ဖြုတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည်  အရပ်သားများအား အကြောင်းမဲ့သတ်ဖြတ်၊ ပြည်သူပိုင်ပစ္စည်းများ ခိုးယူပြီး လက်နက်အားကိုးပြီး သောင်းကျန်းနေသော  တရားမဝင်လက်နက်ကိုင်အဖွဲ့ဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် အထက်ချင်းတွင်းဒေသအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီးက‌ ပြောသည်။

ပုံအညွှန်း - စစ်ကောင်စီတပ်၏ နေအိမ်ဖောက်ထွင်းဝင်ရောက်မှုမြင်ကွင်းများ

 

ပုံအညွှန်း - စစ်ကောင်စီတပ်၏ နေအိမ်ဖောက်ထွင်းဝင်ရောက်မှုမြင်ကွင်းများ

 

ပုံအညွှန်း - စစ်ကောင်စီတပ်၏ နေအိမ်ဖောက်ထွင်းဝင်ရောက်မှုမြင်ကွင်းများ
စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required