ကလေးမြို့ တပ်ဦးသီတာရပ်ကွက်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား ဒေသခံသေဆုံး

By ပါခွီး (မဇ္စျိမ)
15 August 2023
ကလေးမြို့ တပ်ဦးသီတာရပ်ကွက်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား ဒေသခံသေဆုံး
ပုံအညွှန်း-မိုင်းပေါက်ကွဲ၍သေဆုံးသွားသည့် ကိုလွန်းလမ်းထန်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊တပ်ဦးသီတာရပ်ကွက်၊ ဘူတာလမ်းခွဲ ၊ ဂျွိုင်းစားသောက်ဆိုင်အနီးရှိ အမှိုက်ပုံးဘေးတွင် ယမန်နေ့ ဩဂုတ်လ ၁၄ရက် နံနက် ၈ နာရီ အချိန်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ဒေသခံတဦး သေဆုံးသွားကြောင်း မြို့ခံများထံက သိရသည်။

သေဆုံးသွားသူသည် အသက် ၃၉ နှစ်အရွယ် လွန်းလမ်းထန်ဆိုသည့် အမျိုးသားဖြစ်ပြီး ဆိုင်အနီး၌ အမှိုက်ရှင်းနေစဉ် မိုင်းပေါက်ကွဲပြီး ခြေနှစ်ချောင်းထိခိုက်မိကာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“စကစ(စစ်ကောင်စီတပ်ဖွဲ့)ဖက်က ထောင်တဲ့မိုင်း ဖြစ်ဖို့များပါတယ် ၊ မြို့ပေါ်နေရာတဝိုက်မှာ စစ်ကောင်စီ တပ်သားတွေသာ လှုပ်ရှားပြီး ထိကွဲနင်းမိုင်း၊ တိုက်မိုင်းတွေက စစ်ကောင်စီတပ်ဖွဲ့တွေ အသုံးပြုလေ့ရှိတဲ့ မိုင်းတွေဖြစ်ပါတယ်” ဟု ဒေသတွင်း လှုပ်ရှားနေသည့် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

မဇ္စျိမက ရရှိခဲ့သောဓာတ်ပုံတွင် ထိခိုက်ဒဏ်ရာသူသည် ခြေထာက်နှစ်ဖက်စလုံးတွင် ဒဏ်ရာအပြင်းထန် ရှိခဲ့သည်ကို တွေ့မြင်ရပြီး ၎င်းအား ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း အသက်ဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါ မိုင်းနှင့်ပတ်သက်ပြီး မည်သည့်တပ်ဖွဲ့မှ ထောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုမှုများမရှိသကဲသို့ မဇ္စျိမ အနေဖြင့် မိုင်းအမျိုးအစားနှင့် မိုင်းထောင်သည့်အဖွဲ့ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဩဂုတ်လ ၈ရက် မွန်းလွဲ ၁ နာရီအချိန်ကလည်း ကလေးမြို့မြောက်ဖက် ကလေး - လက်ပံချောင်း ကားလမ်းမပေါ်ရှိ ညောင်တောကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၈နှစ်အရွယ် အမျိုးသားတဦး သေဆုံးပြီး အခြားအမျိုးသားနှစ်ဦးနှင့် နွားတစ်ကောင် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required