မြိတ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က  ပျူစောထီးများကိုနေ့တွက်ပေးပြီး အရပ်ဝတ်ဖြင့် ဆိုင်ကယ်ဖမ်းခိုင်း

By ကိုရွှေမြိတ်(မဇ္ဈိမ)
14 August 2023
မြိတ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က  ပျူစောထီးများကိုနေ့တွက်ပေးပြီး အရပ်ဝတ်ဖြင့် ဆိုင်ကယ်ဖမ်းခိုင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲ တပ်ဖွဲ့က ပျူစောထီးများကို နေ့တွက် ၂၀,၀၀၀ ကျပ်ပေးပြီး အရပ်ဝတ်ဖြင့် ဆိုင်ကယ်ဖမ်းခိုင်းနေကြောင်း မြို့ခံများက ပြောသည်။

ယခင်က မြိတ်မြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အင်အားအများအပြားဖြင့် လမ်းဆုံ၊ လမ်းခွများတွင် ဂိတ်ချ ဖမ်းဆီးလေ့ရှိသော်လည်း ယခုအခါ မြို့ပေါ်ရပ်ကွက်များရှိ လမ်းကြားများအတွင်းထိ ဝင်ရောက်ဖမ်းဆီး နေခြင်းဖြစ်သည်။

“ညက အလုပ်ကပြန်လာတဲ့ကလေးတွေ စက်ဝင်းကနေတရုတ်တန်းဖက်ကိုအတက်မှာ အရပ်ဝတ်နဲ့ ပျူ တွေက ပိတ်ဖမ်းလိုက်လို့ ဖမ်းခံလိုက်ရတယ်” ဟု မြိတ်တောင်နယ်မြေမှ ဒေသခံအမျိုးသမီးက ပြော သည်။

အကယ်၍ ဆိုင်ကယ်ဖမ်းဆီးခံရပါက တစီးလျှင် ဒဏ်ငွေ ၁၅၀,၀၀၀ ကျပ်အထိ ဒဏ်ရိုက်နေကြောင်း ဒေသခံတဦးကလည်းဆိုသည်။

ပျူစောထီးဆိုသူများက ဆိုင်ကယ်လေးငါးစီးဖြင့် ဦးထုပ်မဆောင်းဘဲ မြို့ပေါ်ရပ်ကွက် နေရာအချို့တွင် အသွား၊ အပြန်မောင်းနင်းပြပြီး ရောနှောလိုက်ပါလာသောအရပ်သားဆိုင်ကယ်များကို ပိတ်ဖမ်းခြင်းမျိုး လည်းပြုလုပ်ကြောင်း ဒေသခံများကပြောသည်။

အလုပ်အကိုင်ရှားပါးမှုကြောင့် ဝင်ငွေနည်းပါးနေသောအခြေခံလုပ်သားအများစုသည် ယခုကဲ့သို့ ရပ်ကွက် အတွင်း လမ်းကြားအထိ လိုက်လံဖမ်းဆီးနေခြင်းကြောင့် ဒဏ်ငွေပေးဆောင်ရန် အခက်အခဲဖြစ်နေ ကြောင်းလည်း ဆိုသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly