ပြင်သစ်က ချင်း နှင့် ရခိုင်အတွက် ယူရို ရသိန်း လှူဒါန်း

ပြင်သစ်က ချင်း နှင့် ရခိုင်အတွက် ယူရို ရသိန်း လှူဒါန်း
၂၀၁၅ခုနှစ်အတွင်းက ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် ချင်းပြည်နယ်။ (ဓာတ်ပုံ-အီးပီအေ)

ချင်းပြည်နယ်တွင် အသက်မွေး ဝမ်းကျောင်းမှု ပြန်လည်ထူထောင်ရေး နှင့် ရခိုင်ပြည်နယ်တွင် အချို့တဲ့ဆုံးသူများကို အဟာရပြန်လည်ပြည့်မီရေး ကျွေးမွေးစောင့်ရှောက်မှုများအတွက် ယူရိုငွေ ၇၀၀,၀၀၀ ကို ပြင်သစ်နိုင်ငံက လှူဒါန်းခဲ့ကြောင်း ပြင်သစ်သံရုံးက သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် အပါအဝင် ၂၀၁၅ ခုနှစ်၊ သြဂုတ်လအတွင်းက မြန်မာနိုင်ငံတွင် ရေကြီး၊မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီးနောက်တွင် ပြင်သစ်နိုင်ငံသည် အရေးပေါ်အစားအစာနှင့် အဟာရလိုအပ်ချက်များအတွက် ရည်ရွယ်လုပ်ဆောင်သည့် ကနဦး ပြန်လည်ထူထောင်ရေးပရောဂျက်အတွက် ရန်ပုံငွေများ ထောက်ပံ့ပေးခဲ့သည်။

ထို့ပြင် ၂၀၁၆၊ ဧပြီလအတွင်းတွင် ချင်းပြည်နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်မှုလုပ်ငန်းများ လုပ်ဆောင်မည့် ပရောဂျက်အသစ် ၂ ခုကိုလည်း စတင်သွားမည်ဖြစ်သည်။ ထို ပရောဂျက်များကို နိုင်ငံတကာနှင့် ပြည်တွင်း NGOs အဖွဲ့များ(မတူပီတွင် အာရုဏ်ဦး နှင့် Triangle ၊ ဟားခါးတွင် GRET/CORAD) နှင့် ပူးပေါင်းပြီး   အောင်မြင်ပြီးမြောက်အောင်ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ် စစ်တွေနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့တွင် အဟာရချို့တဲ့လျှက်ရှိသည့် နို့စို့အရွယ်ကလေးငယ်များနှင့် ကလေးများကို ကျွေးမွေးစောင့်ရှောက်သည့် လုပ်ငန်းများ လုပ်ကိုင်ရန် လိုအပ်လျက်ရှိနေသည်ဟု ပြင်သစ်သံရုံးက ထုတ်ပြန်ထားသည်။

ပြင်သစ်နိုင်ငံသည် Action Contre la Faim(ACF) နှင့်ပူးပေါင်းပြီး ရခိုင်ပြည်နယ်တွင်း ဆိုးဆိုးရွားရွား အဟာရအချို့တဲ့မှုနှင့် ကြုံတွေ့နေရသူများကို ကျွေးမွေးစောင့်ရှောက်မှုပြုလုပ်ပေးနေသည့် အစီအစဉ်များကို ထောက်ပံ့ လာသည်မှာ ၁၂ နှစ်ကျော်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၃ နှစ်တာကာလအတွင်းအတွင် မြန်မာနိုင်ငံအတွင်းရှိ အစားအစာလုံလောက်မှုမရှိသူများနှင့် အဟာရချို့တဲ့ နေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ယူရို ၅ သန်းကို နိုင်ငံတကာနှင့်ပြည်တွင်းအဖွဲ့အစည်းများကို ခွဲဝေလှူဒါန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required