အရပ်သားများအသုံးပြုသည့်လမ်းတွင် စစ်ကောင်စီက နင်းမိုင်းများ ထောင်ထား

By မဇ္ဈိမ
12 August 2023
အရပ်သားများအသုံးပြုသည့်လမ်းတွင် စစ်ကောင်စီက နင်းမိုင်းများ ထောင်ထား
ပုံအညွှန်း-ဖြုတ်ယူသိမ်းဆည်းခဲ့သည့် စစ်ကောင်စီတပ်ထုတ် M-14 နင်းမိုင်းများ။(ဓာတ်ပုံ-MOD MUG)

အရပ်သားများအသုံးပြုသည့်လမ်းတွင် စစ်ကောင်စီက နင်းမိုင်းများ ထောင်ထားခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ် ၁၂ရက်တွင် သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၁၀ ရက် နံနက် ၇ နာရီ ၄၉ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ၊ နတ်ရေကန်အနားမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးခန့်က  Jumper ကားတစီးဖြင့် လာရောက်ခဲ့ပြီး အရပ်သားပြည်သူများ သွားလာရာနေရာဖြစ်သည့် ငါးယှန်ကျေးရွာအနီးတွင် နင်းမိုင်းများ လာရောက်ထောင်ထား ခဲ့သည်ဟု NUG ကဆိုသည်။

NUG က ထုတ်ပြန်သည့် ဓာတ်ပုံအရ နင်းမိုင်း ကိုးလုံးရှိသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားခဲ့သည့် နင်းမိုင်းများကို PDF တပ်ဖွဲ့ဝင်များက အများပြည်သူ မထိခိုက်စေရန် ပြန်လည်ဖြုတ်သိမ်း ခဲ့ရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထောင်ထားခဲ့သည့် နင်းမိုင်းများမှာ M-14 အမျိုးအစားများဖြစ်ပြီး  ကိုယ်ထည်မှစ၍ အစိတ်အပိုင်းများကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် သတ္ထုပါဝင်မှု နည်းပါးခြင်းကြောင့် အလွယ်တကူရှာဖွေရန် ခက်ခဲသည်ဟု NUG က ဆိုသည်။

အဆိုပါ နင်းမိုင်းများသည် နင်းမိသည့်နေရာမှ အထက်ကို ၁၀ လက်မခန့်အထိ အသေးစားပေါက်ကွဲမှု ဖြစ်ပေါ်စေပြီး မိုင်းနင်းမိသူ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆုံးရှုံးစေကာ ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ထားသည့် နင်းမိုင်းအမျိုးအစားဖြစ်ကြောင်း၊ ပြည်သူများ မိုင်းအန္တရာယ် ကင်းဝေးစေရေး အထူးသတိထားကြရန်  အသိပေးအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်သည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required