စစ်ကောင်စီအား ထိရောက်သည့်အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် စင်္ကာပူအစိုးရကို တောင်းဆိုသည့် ကမ်ပိန်းပြုလုပ် 

By မဇ္ဈိမ 
10 August 2023
စစ်ကောင်စီအား ထိရောက်သည့်အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် စင်္ကာပူအစိုးရကို တောင်းဆိုသည့် ကမ်ပိန်းပြုလုပ် 

စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို ရပ်တန့်နိုင်ရန် စင်္ကာပူနိုင်ငံအား ငွေကြေးအပါအဝင် လက်နက်နှင့်ဆက်စပ်ပစ္စည်းများကို ကြားခံအဖြစ် အသုံးပြုနေခြင်းများအပေါ် စင်္ကာပူအစိုးရအနေဖြင့် ထိရောက်သည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ပေးရေး တောင်းဆိုသည့် ကမ်ပိန်းပြုလုပ်မည်ဖြစ်ကြောင်း Blood Money Campaign အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

စင်္ကာပူအစိုးရအား စစ်ကောင်စီအပေါ် ထိရောက်သည့် ပိတ်ဆို့အရေးယူမှုများ ပိုမိုလုပ်ဆောင်ရန် DoMoreSingapore ခေါင်းစဉ်ဖြင့် 
(၁) မြန်မာစစ်အုပ်စုအတွက် လက်နက်၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းများနှင့် နည်းပညာများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းပေးနေခြင်းကို ရပ်တန့်နိုင်ရေး ပိတ်ဆို့အရေးယူမှုများ စတင်ရန်၊ 
(၂) စစ်အုပ်စုဘဏ်များအပါအဝင် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများမှတစ်ဆင့် စင်္ကာပူ၏ ဘဏ္ဍာရေးစနစ်အတွင်း စစ်အုပ်စုဝင်ရောက်ခွင့်ကို ပိတ်ဆို့ရန်၊ (၃) စစ်အုပ်စုအတွက် လက်နက်၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းများနှင့် နည်းပညာများ ပံ့ပိုးပေးနေသည့် စင်္ကာပူကုမ္ပဏီများကို အများပြည်သူသိရှိစေမည့် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်ရန် စသည့်အချက် သုံးချက်ပါ တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

စင်္ကာပူနိုင်ငံသည် စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်နေမှုများကို ဆန့်ကျင်သော်လည်း အကြမ်းဖက်စစ်တပ်အတွက် အထောက်အပံ့ဖြစ်စေမှုများထဲတွင် တရုတ်နှင့် ရုရှား နောက် တတိယမြောက်လိုက်နေသည့် နိုင်ငံလည်းဖြစ်သည်။

Blood Money Campaign ၏ Coordinator တစ်ဦးဖြစ်သည့် ရိုနေဆန်းလွင်က " စင်ကာပူနိုင်ငံက စစ်ကောင်စီအတွက် ရုရှားနဲ့ တရုတ်ပြီးသွားရင် အားထားရဆုံးနိုင်ငံဖြစ်နေတယ်။ စစ်ကောင်စီကို လက်နက်ထောက်ပံ့တဲ့ထဲမှာ တတိယအကြီးဆုံးနိုင်ငံဖြစ်နေတယ်။ ပြီးတော့ စစ်ကောင်စီကို ရပ်တည်နိုင်အောင် လုပ်ပေးနေတဲ့ ခရိုနီတွေရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးထားတဲ့နိုင်ငံလည်း ဖြစ်နေတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူလူထုရဲ့ အားကို အသုံးပြုပြီး စင်ကာပူနိုင်ငံကို ဖိအားပေးဖို့ အခုလို ကမ်ပိန်းကို လုပ်ရတာပါ။ မြန်မာပြည်သူတွေ တစ်ပြိုင်တည်း အသံထုတ်မယ်ဆိုရင် ထိုက်သင့်သလောက် တုံ့ပြန်မှုကို ရမှာပါ။ အမေရိကန်နိုင်ငံ မြန်မာဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့တဲ့ အချိန်လည်း ဖြစ်နေတယ်။ အခုက အချိန်ကောင်းဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အားလုံးဝိုင်းတွန်းမယ်ဆိုရင် စစ်ကောင်စီရဲ့ အားတစ်ခု လျော့သွားပါလိမ့်မယ်။" ဟု ဆိုသည်။

 စင်္ကာပူအစိုးရအနေဖြင့် ထိရောက်သည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ပါက စစ်တပ်၏ အကြမ်းဖက်မှုများကို သိသိသာသာ လျော့နည်းသွားစေမည်ဖြစ်ပြီး အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်မည်ဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် ပါဝင်နိုင်ရန် နည်းလမ်းများကို Blood Money - သွေးစွန်းငွေ facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖိနှိပ်မှုများကြားမှ ရရာနည်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် Blood Money Campaign အဖွဲ့က တိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required