မြန်မာကို လက်နက်များ ရောင်းချပေးခြင်း မရှိဟု စင်္ကာပူ ပြော

မြန်မာကို လက်နက်များ ရောင်းချပေးခြင်း မရှိဟု စင်္ကာပူ ပြော

စင်္ကာပူနိုင်ငံအနေဖြင့် မြန်မာကို စစ်လက်နက်များ ရောင်းချခြင်း မရှိသည်မှာ အချိန်ကာလအတော်ပင် ကြာမြင့်နေခဲ့ပြီ ဖြစ်ကြောင်းနှင့် မြန်မာထံ စစ်လက်နက်ရောင်းချမှုအပေါ် ပိတ်ပင်ချက်တစ်ရပ်ကို ဖော်ဆောင်ဖြစ်မြောက်ထားစေခဲ့ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာကရစ်ရှ်နန်က ဖေဖေါ်ဝါရီ ၁၄ ရက်တွင် ပါလီမန်၌ ပြောသည်။

မြန်မာစစ်တပ်၏ စစ်ဖက်ဆိုင်ရာ ထုတ်လုပ်မှုအတွက် ဖြည့်ဆည်းပံ့ပိုးပေးသည့် ကုန်ကြမ်းပစ္စည်းများ အပါအဝင် ဖြစ်နိုင်ဖွယ်ရာ သိသာပေါ်လွင်သည့် ပစ္စည်းပမာဏများအတွက် မဟာဗျူဟာကျ အကူအပြောင်းနေရာတစ်ခုအဖြစ် စင်္ကာပူက လည်ပတ်လုပ်ဆောင်နေသည်ဆိုပြီး မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့၏ အစီရင်ခံစာတစ်ရပ်တွင် ထုတ်ဖော်ထားသော ပြောကြားချက်များနှင့်စပ်လျဉ်းပြီး လွှတ်တော်အမတ် ဒန်းနစ် တက်ပ် မေးမြန်းသည့် မေးခွန်းကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စစ်လက်နက် လွှဲပြောင်းပေးပို့မှုများအပေါ် ပိတ်ပင်ထားမှုများကို အသေအချာ လိုက်နာနိုင်စေရန် အစီရင်ခံစာတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများအပါအဝင် စင်္ကာပူကုမ္ပဏီများကို အာဏာပိုင်များအနေဖြင့် စစ်ဆေးထားသလား ဆိုပြီး မစ္စတာ တန်က မေးမြန်းခဲ့သည်။

စစ်ဖက်ဆိုင်ရာ အသုံးချနိုင်ဖွယ်ရာရှိသည့် ပစ္စည်းများ သို့မဟုတ် စစ်လက်နက်များကို မြန်မာသို့ လွှဲပြောင်းခြင်းကို စင်္ကာပူအစိုးရအနေဖြင့် ခွင့်ပြုပေးထားခြင်း မရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက SAC-M အစီရင်ခံစာနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၁၈ ရက်က တုံ့ပြန်ပြောကြားထားသည်။ စင်္ကာပူနှင့် ပတ်သက်ပြီး ပြောဆိုချက်အများအပြားသည် ၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုမတိုင်မီကတည်းက ရှိခဲ့သည့် စီးပွားရေး ဆက်ဆံပတ်သက်မှုများနှင့် သက်ဆိုင်ကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုသည်။

စစ်လက်နက်များ ထုတ်လုပ်သော မြန်မာ၏ နိုင်ငံပိုင်လုပ်ငန်းတစ်ခုထံသို့ ပစ္စည်းများ ပေးသွင်းသည့် ကုမ္ပဏီများကို လက်ခံနေရာပေးနေသည် ဆိုသည့် နိုင်ငံများထဲတွင် စင်္ကာပူလည်း ပါဝင်ကြောင်း ဇန်နဝါရီ ၁၆ ရက်က ထုတ်ပြန်သည့် SAC-M ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာတွင် ၂၀၂၁ ဖေဖေါ်ဝါရီလက စစ်တပ်က အာဏာသိမ်းခဲ့ပြီး ထိုနောက်ပိုင်းမှစပြီး နိုင်ငံတွင် အာဏာသိမ်းစစ်တပ်နှင့် အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တိုက်ခိုက်သူများအကြား တိုက်ပွဲများ ဖြစ်ပေါ်နေခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့အပေါ် ဆန့်ကျင်အတိုက်အခံပြုသူများအပေါ် ဖြိုခွင်းနှိမ်နင်းမှုများကြောင့် လူ ၂,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း ပြည်တွင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required