စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ထပ်မံကျူးလွန်နေဟု ကုလ စုံစမ်းအရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်

By မဇ္ဈိမ 
09 August 2023
စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ထပ်မံကျူးလွန်နေဟု ကုလ စုံစမ်းအရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်

စစ်ကောင်စီတပ်နဲ့ ယင်းလက်အောက်ခံ ပြည်သူ့စစ်များက အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေကို မကြာခဏ ပြောင်ပြောင်တင်းတင်းကျူးလွန်နေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား အဖွဲ့ IIMM က သြဂုတ်လ ၈ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ 

စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားများကို မခွဲခြားဘဲ အင်အားအလွန်အကျွံသုံး တိုက်ခိုက်ခြင်း၊ ဖမ်းဆီးခံရသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ပြည်သူနေအိမ်များကို ရွာလုံးကျွတ်မီးရှို့ခြင်းတို့ ပါဝင်တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ လက်ဝေခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ၂၀၂၂ခုနှစ်ကနေ ၂၀၂၃ ခုနှစ် ဇွန်လ အတွင်း စစ်ပွဲနဲ့ ဆက်နွယ်တဲ့ စစ်ရာဇဝတ်မှု သုံးမျိုးကို မကြာခဏ ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေရှိနေကြောင်း ရေးသားထားပါတယ်။

စစ်ရာဇဝတ် မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ သိသိသာသာတိုးလာနေတာကို ရရှိထားတဲ့ သက်သေအထောက်အထားတွေက ဖော်ပြနေပြီး ပြစ်မှုကျူးလွန်သူ တစ်ဦးချင်းစီ တာဝန်ခံမှုရှိစေရန် လုပ်ဆောင်ရာမှာ တရားရုံးများကအသုံးပြုနိုင်မယ့် အထောက်အထားများ စုဆောင်းနေပါတယ် လို့ IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

IIMM ရဲ့ အစီရင်ခံစာကို မျက်မြင်သက်သေ ၂၀၀ ကျော်ရဲ့ ထွက်ဆိုမှု၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဂြိုလ်တုပုံရိပ်များ၊ လူမှုကွန်ရက်သတင်းများနဲ့မှုခင်းဆိုင်ရာ အထောက်အ ထားများ အပါအဝင် အရင်းမြစ်ပေါင်း ၇၀၀ ကျော်ထံမှ အချက်အလက်များကို စုဆောင်းတင်ပြထားတာဖြစ်တယ်လို့ဆိုပါတယ်။

ဒါအပြင် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးမှာ ဖမ်းဆီးထားတဲ့အရပ်သားတွေ ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့ ကိုးကားရေးသားထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်တဲ့ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြားသော နိုင်ငံ တကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နဲ့  စိစစ်သုံးသပ်ရန်အတွက် ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required