ရက္ခိုင့်တပ်တော် (AA) ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်များအတွင်း ဝင်ရောက်နေမှုအပေါ် ဒေသခံများက စိုးရိမ်ပူပန်နေကြောင်း သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ၊ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ်များသို့ ထိုသို့ဝင်ရောက်လာခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း AAစစ်ကြောင်းများ မတူပီနှင့် ပလက်ဝ နယ်စပ်အထိရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။
‘’ကျွန်တော်တို့တွေကတော့ နားလည်မှုနဲ့ AA တပ်ဖွဲ့တွေကို ကျွန်တော်တို့နယ်ထဲမှာ သွားလာတာတွေကိုတော့ ခွင့်ပြုထားတယ်။ ရွာတွေမှာအိပ်တာတွေ၊ စခန်းချတာတွေ၊ မလုပ်ဖို့တော့ပြောထား တယ်’’ဟု မတူပီကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ရေးလှုပ်ရှားမှုမရှိဘဲ ထိုသို့ သွားလာခြင်များက ချင်းနှင့် ရခိုင်အကြား လူမျိုးရေးပဋိပက္ခဦးတည်မှာ စိုးရိမ်မှုရှိကြသည်ဟု မတူပီဒေသခံတဦးက ပြောသည်။
‘’ကျွန်တော်တို့ဆိုင်ကယ်နဲ့လာတော့ AA (AA တပ်ဖွဲ့ဝင်တွေ )တွေ လမ်းပေါ်မှာ အိပ်နေကြတယ်။ ကျွန်တော်တို့က စစ်တပ်ထင်လို့ပြေးမလို့ လုပ်ကြတာ။ နောက်တော့မှာ တံဆိပ်က AA တံဆိပ်ဖြစ်နေတယ်။ လမ်းပေါ်ကနေတော့ ဖယ်ပေးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ စစ်တပ်လည်း ကြောက်ရ၊ AA လည်း ကြောက်ရဆိုတာမျိုးတော့ မဖြစ်ချင်ဘူး။ ပြီးတော့ ဘာကြောင့် AAက ရခိုင်မှာမနေဘဲကျွန်တော်တို့ဆီမှာ လာစခန်းချတာလဲ’’ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇူလိုင်လကုန်ကလည်း မတူပီမြို့ နှင့် ၁၀မိုင်ခန့်သာဝေးသည့် ရွာများအထိ AAတပ် ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။
ချင်းနိုင်ငံရေး လေ့လာသူတစ်ဦးက ချင်းပြည်နယ် တောင်ပိုင်းမြို့နယ်များ အားလုံးနီးပါးတွင် AAတပ်ဖွဲ့ ရောက်ရှိနေရာယူထားပြီးဖြစ်သည်ဟုပြောသည်။ လုံခြုံရေးကြောင့် သူက အမည်ပြောဆိုခြင်းမပြုပါ။
‘’ချင်းပြည်နယ် ပလက်ဝထဲကို AA စတင်ရောက်လာတာ အခုဆိုရင် ဆယ်စုနီးပါးရှိပြီး အရင်ကတော့ ပလက်ဝမှာပဲ အခြေချတယ်ဆိုပေမယ့် အခု စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပလက်ဝအပြင် ကန်ပက်လက်၊ မင်းတပ်နယ်ဘက်တွေမှာ AAတွေ တပ်ရင်းအလိုက် စခန်းချနေကြတယ်။ မတူပီနဲ့ အိန္ဒိယနယ်စပ် လိုင်လင်းပီဆိုရင်လည်း AAတပ်ဖွဲ့တွေက ရှင်းလက်ဝကနေ တဆင့်ရောက်နေကြတယ်။ ဒီပြဿနာက ရေရှည်တော်လှန်ရေးပြီးရင် တောင်ချင်းနှင့်AAပြဿနာတက်နိုင်တယ်’’ဟု သူက ပြောသည်။
၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁ရက်က ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဝှေ့တင်ကို AAအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဦးဝှေ့တင်ကို ပြန်လွှတ်ပေးရန် ချင်းအရပ်ဘက်အဖွဲ့အစည်းများက စုပေါင်းတောင်းဆိုမှုများလုပ်ခဲ့သော်လည်း ဦးဝှေ့တင်းသည် ခူမီးလူငယ်များနှင့် ပူးပေါင်းကာ ဘာသာရေး ပဋိပက္ခတွေဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း မင်္သကာ၍ ဖမ်းဆီးစစ်ဆေးနေကြောင်း AA ၏ ပြောခွင့်ရ ခိုင်သုခက ပြန်လည်ဖြေကြားခဲ့ဖူးသည်။
၂၀၁၅ ခုနှစ် နှောင်းပိုင်းက ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA တပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ချင်းအမျိုးသား တပ်ဦး (CNF) ကလည်း AA တပ် အနေဖြင့် ချင်းပြည်နယ်အတွင်း စစ်ရေးအရ အခြေမချရန် ၂၀၂၀ ခုနစ် မတ်လ အတွင်းက ထုတ်ပြန်ခဲ့သေးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”