ကလေးမြို့တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရပြီး ၄ ဦး သေဆုံးဟုဆို

By ပါခွီး(မဇ္စျိမ)
04 August 2023
ကလေးမြို့တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရပြီး ၄ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် စစ်ဆေးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများကို ယမန်‌နေ့ ဩဂုတ်လ ၃ရက် နံနက် ၉နာရီ အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္စျိမကို ပြောသည်။

ကလေးမြို့ ၊ တောင်ဖီလာရပ်ကွက် ၊ အ.ထ.က (၂) ကျောင်းအနီးတွင် စစ်ဆေး၍ ငွေတာင်းနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“သူတို့ စစ်ဆေးရေးလုပ်မဲ့နေရာမှာ မိုင်းဆင်ထားတာ ၊ တစ်ယောက်ကတော့ နေရာမှာ ပွဲချင်းပြီး၊ နောက်သုံးယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ နောက်မှ သေသွားတာ” ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုင်းထိ၍ တစ်ဦးသေဆုံးသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး၏ ပေါင်တွင် သေနတ်ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယင်းနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။

ယခု ဖောက်ခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို ထုတ်ဖော်ကြေညာထားခြင်း မရှိသေးပေ။

ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး လမ်းသွားလမ်းလာ ပြည်သူများကို နေ့စဉ် တင်းကျပ်စစ်ဆေးမှုများပြုလုပ်ကာ ငွေကြေးတောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required