မူဆယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

By ဂျူချန်း (မဇ္ဈိမ)
04 August 2023
မူဆယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
ဓါတ်ပုံ- TNLA ပုံစာ - ဩဂုတ် ၂ ရက်နေ့ မူဆယ်တိုက်ပွဲအတွင်းသိမ်းဆည်းရမိသည့် လက်နက်များ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု နာထန်နှင့် ဂေါင်ရာကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ သိရသည်။

“စစ်တပ်ဘက်က ပြန်ဆုတ်တဲ့အချိန်မှာ အလောင်းတွေ၊ စစ်လက်နက် ပစ္စည်းတွေကို ကျမတို့က သိမ်းဆည်းရမိပါတယ်။ ကိုယ်လွတ်ပြေး တပ်ဆုတ်တဲ့ သဘောပါ” လို့ TNLA ပြောရေးဆိုခွင့်ရုံးက တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့တွင် နာထန်နှင့် ဂေါင်ရာကျေးရွာအနီး၌ ခလရ(၂၆၁) နှင့် မြို့မ(၂)ပြည်သူ့စစ်များပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် TNLA တပ်ရှိရာသို့ စစ်ကြောင်းထိုးလာသောကြောင့် နံနက် ၁၀နာရီမှ ညနေ ၄နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း မြေပြင်တပ်ဖွဲ့မှ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရုံးမှ တာဝန်ရှိသူက ပြောသည်။

မူဆယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ RPG တစ်လက်၊ RPG-7 ဗုံးသီး ၂၀ လုံး၊ MA-1 သေနတ် တစ်လက်၊ AK-81 သေနတ် တစ်လက်၊ ၆၀ မမ ထောင့် တစ်ထောင့်၊ ၈၁ မမ ထောင့် တစ်ထောင့်၊  ၈၁ မမ ဗုံးသီး ၄၀ လုံး၊ စက်လတ် တစ်လက်၊ကျည်ဆန် ၅,၀၀၀ တောင့်၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း TNLA မှ ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ထိုဩဂုတ်လ ၂ ရက်နေ့ တစ်ရက်တည်းတွင် လားရှိုးမြို့နယ်၊ တောင်တလောင်ကျေးရွာအနီးတွင်လည်း TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲမှ ထိခိုက်သေဆုံးမှုများကို မသိရသေးကြောင်း ဆိုသည်။

ထို့အပြင် ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ၂ ရက်နေ့အထိ ၁၀ ရက်တာအတွင်း TNLA နှင့် မြန်မာ့စစ်တပ်အကြား တိုက်ပွဲ ကိုးကြိမ် ဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ် ပူးပေါင်းတပ်မှ ၂၅ဦးသေဆုံးကာ ၂၇ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးကို အရှင်ဖမ်းမိထားကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ လားရှိုးမြို့နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ တိုက်ပွဲများ ခပ်စိတ်စိတ် ပြန်လည်ဖြစ်ပွားနေခဲ့ပြီးနောက် စစ်ကောင်စီမှ ဩဂုတ်လ ၁ ရက်နေ့တွင် TNLA တပ်သား ၁၆ ဦးကို ငြိမ်းချမ်းရေးအကြောင်းပြကာ လွှတ်ပေးခဲ့သော်လည်း လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ဖမ်းဆီးအကျဉ်းချခံထားရသည့် TNLA တပ်သားများအား ငြိမ်းချမ်းရေးအကြောင်းပြကာ ပြန်လွှတ်ပေးသည်ဟု ကြေညာသော်လည်း TNLA မှ စစ်ကောင်စီ၏ သဘောထားအမှန်ကို သတိကြီးစွာထားကာ စောင့်ကြည့်နေမည်ဟု TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က မဇ္ဈိမ ကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုအရ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့(NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မည်သည့်သဘော တူညီချက်မျှမရဘဲ သတ်မှတ်ရက်မတိုင်မီ ပြီးဆုံးသွားခဲ့သည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်လာခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများမှ သုံးသပ်ထားကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required