နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆ ဇူလိုင် ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆ ဇူလိုင် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဦးဆောင်ကာ မန္တလေး တိုင်းဒေသကြီးရှိ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များအား Conflict Management Training ကို ဇူလိုင် ၂၄ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်း တိုင်း၊ မကွေးတိုင်းတို့မှာရှိသည့်  ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၂၅ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်  ရန်ကုန်တိုင်းအတွင်းက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၄/၂၀၂၃)ကို ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    အမှတ်(၁) စစ်ဒေသမှာ ဇွန်လ တလတာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုက ရန်သူ ၄၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီး ဌာနက အသိပေးထုတ်ပြန်လိုက်သည်။
•    ပြည်သူလူထုကို ကာကွယ်ရန်အတွက်စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းစဥ်များကို ချဲ့ထွင်ရန်နှင့် လူထု၏ လုပ်အားတန်ဖိုးများဆုံးရှုံးမှုမဖြစ်စေရေးအတွက် ကျပ်ငွေအပေါ် အမှီသဟဲမပြုသည့် ဘဏ္ဍာရေးစနစ်မျိုးကို စနစ်တကျတည်ဆောက်ပေးရလိမ့်မည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ယာယီသမ္မတဒူ၀ါလရှီးလက ပြောကြားသည်။
•    ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် အင်အား ၁၀၀ ခန့် စစ်တပ် စစ် ကြောင်း ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ် တပ်ဘက်မှ ၂၀ ဦးသေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    ကရင်- ကရင်နီ- ရှမ်း နယ်စပ်၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်း၊ လိပ်သိုလ်မြို့နယ်ခွဲ၊ ယာဒိုဒေသက စစ်ဘေးရှောင်အများစုသည် ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေကြပြီး ကျန်းမာရေး စောင့် ရှောက်မှု အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ 
•    တနင်္သာရီတိုင်း ၊ မြိတ်ခရိုင် ၊ ကျွန်းစုမြို့နယ် ၊ ဘဒ္ဒနဲကျေးရွာအုပ်စု၊ ရှော်တောမော် ကျေးရွာ ရဲစခန်းကို ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်တွင် သွားရောက် အလစ်အငိုက် ပစ်ခတ်ခဲ့ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ကထုတ်ပြန်ထားသည်။
•    ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအနီးတွင် ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျောက်တံခါး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
•    ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် ခမရ-၅၈၉ တပ်ရင်းက ကျေးရွာချင်းဆက် လမ်းများကို ပိတ်ဆို့ကာ ဂိတ်စခန်းဖွင့်ပြီး ဆက်ကြေးကောက်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။
•    ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    အာဏာသိမ်းစစ်ကောင်စီက မကြာမှီထုတ်ဝေတော့မည့် ၂သောင်းကျပ်တန် ငွေစက္ကူအသစ်ကို သုံးစွဲခြင်းမပြုဘဲ တခဲနက်ဆန့်ကျင်ကြရန် စစ်ကိုင်းဖိုရမ်က  လူထုကို တိုက်တွန်းထားသည်။
•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပြည်သူ ၂ ဦး ဖမ်းဆီးခံရကာ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ ဇူလိုင်လကုန်၌ နောက်ဆုံးထား၍ CDM ပြုလုပ်ရန် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။
•    ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    မကွေးတိုင်း၊ ချောက်မြို့တွင် မိုင်းလာရှင်းသည့် ရဲနှင့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Chauk Guerilla Force- CGF တပ်ဖွဲ့မှ သိရသည်။
•    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ရှိ အကြမ်းဖက် စစ်တက် အထိုင်တပ်စခန်းကို လက်နက် နှင့် ရိက္ခာများ လာ ရောက်ပို့ဆောင်သည့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း Young Force UG တပ်ဖွဲ့မှ သိရသည်။
•    ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များကို ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျေးလက်မြေ အဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က ပြောင်းဖူးများ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
•    မန္တလေးတိုင်း၊ မန္တလေးမြို့ ဂေါဝန် ဆိပ်ကမ်းမှ အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၉ စင်း တက်လာသည့် အတွက် ကမ်းရိုးတန်း တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေး ရှောင်တိမ်းနေရကြောင်း Wetlet Information Network မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုင်းရင်းလက်နက်ကိုင်များ

•    မြောက်ပိုင်းမဟာမိတ် အဖွဲ့များဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP) နှင့် မိုင်းလားအဖွဲ့ဟု လူသိများသည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) တို့နှင့် စစ်ကောင်စီ လက်အောက်ခံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC တို့က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးနေကြောင်း သိရသည်။
•    ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံနှင့်လွိုင်ကော် အဝေးပြေးလမ်းမကြီးပေါ် ရှမ်း-ကယားနယ်စပ်ရှိ ကျေးရွာများသို့ ဇူလိုင်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်နေရာယူထားပြီး ကရင်နီပူးပေါင်း တပ်ဖွဲ့နှင့် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

စစ်ကောင်စီ

•    စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်းထမ်းများ၏ မောက်မာစွာ ဆက်ဆံခြင်း၊ အရည်အချင်း မပြည့်မှီ ၍ မယုံကြည်ရခြင်း၊ ဆေးကုသမှု စားရိတ် မြင့်မားခြင်း၊ အရည်အသွေးမပြည့်မှီသည့် ဆေးဝါးပစ္စည်းများ မလုံလောက်ခြင်းကိုအင်းလေးဒေသရှိ ပြည်သူလူထု၏ ၉၆ ရာခိုင်နှုန်းသည် ကြုံတွေ့နေရကြောင်း Justice Movement for Community-Innlay ( JMC-Innlay )က ပြုလုပ်သည့် စစ်တမ်းအရ သိရသည်။
•    ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ရန် အာဏာသိမ်းစစ်ကောင်စီက စီစဉ်နေကြောင်း လုံခြုံရေးတာဝန်ရှိသူတဦးကို ကိုးကားပြီး AP သတင်းဌာနက ဇူလိုင်လ ၂၅ ရက်နေ့က ဖော်ပြသည်။
•    မြန်မာနိုင်ငံတွင် အခြေပြုနေသော ဆက်သွယ်ရေးလိမ်လည်မှုများနှင့် အွန်လိုင်း လောင်းကစားမှုများကြောင့် တရုတ်နိုင်ငံထိခိုက်နေသဖြင့် အစွမ်းကုန်နှိမ်နင်း ရန် တရုတ်သံအမတ်က စစ်ကောင်စီကို ဖိအားပေးကြောင်း ရန်ကုန် တရုတ် သံရုံးက သတင်းထုတ်ပြန်သည်။
•    အကြမ်းဖက်မင်းအောင်လှိုင်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင် ၂၅ ရက်  နေပြည်တော်ရှိ  စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမမှာ လက်ခံတွေ့ ဆုံခဲ့ကြောင်း Sky Net One News သတင်းတွင် ဖော်ပြထားသည်။
•    အကြမ်းဖက် ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းနှင့် တရုတ်နိုင်ငံ China Rocket ကုမ္ပဏီလီမိ တက်က တာဝန်ရှိသူများသည် ဇူလိုင် ၂၅ ရက်က နေပြည်တော်မှာတွေ့ဆုံပြီး ဂြိုဟ်တုနည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း Sky Net One News သတင်းတွင် ဖော်ပြထားသည်။
•    မိုးစပါးစိုက်ပျိုးရာသီချိန်ဖြစ်ပြီး ဓာတ်မြေဩဇာလိုအပ်ချက် မြင့်တက်နေချိန်ဖြစ်တာကြောင့် အမေရိကန် ဒေါ်လာ ၅၈ ဒသမ ၀၄၁ သန်းတန်ဖိုးရှိသည့် ဓာတ်မြေဩဇာတန်ချိန် ၁၄၄,၉၀၀ ကို ဇွန်အတွင်းက တင်သွင်းခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကနေ သိရပသည်။
•    သီးနှံအာမခံထားရှိနိုင်ရန် ဆောင်းစပါးသီးနှံအမီ ပေါ်လစီရေးဆွဲနေပြီ ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ၏ မြန်မာ့အာမခံလုပ်ငန်းကနေ သိရသည်။
•    အွန်းလိုင်းဈေးအရောင်းအဝယ် လုပ်ငန်းများအနေဖြင့် မကြာမှီမှာ မှတ်ပုံတင်ပြီးမှသာ ဈေးရောင်းချခွင့်ရှိ တော့မှာဖြစ်ပြီး လုပ်ငန်းအမျိုးအစားအလိုက်မှတ်ပုံတင်ကြေး ကို ငွေကျပ် ၁သိန်း ဝန်းကျင်နှင့် ၁သိန်းအောက်သာ ကျသင့်နိုင်ကြောင်း အကြမ်းဖက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
•    EV ကားများကို Pre Order ဖြင့် ရောင်းချပါက အရေးယူသွားမည်ဖြစ်ကြောင်း လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံ့မှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ် မြှင့်တင်ရေး လုပ်ငန်း ကော်မတီက ထုတ်ပြန်လိုက်သည်။
 

ဇူလိုင် ၂၆ ရက် သုံးသပ်ချက်

•    စစ်အုပ်စု အာဏာလုပြီးနောက် မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုများ မြှင့်တက်ခဲ့ပြီး နိုင်ငံဖြတ် ကျော် ရာဇဝတ်ဂိုဏ်းများမှာ မြန်မာနိုင်ငံတွင် စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင် တပ်များ ၏ အကာအကွယ်ယူကာ နိုင်ငံတကာ ဒုစရိုက်မှုများကို ကျူးလွန်လာ နေသည်။ ယင်း ရာဇဝတ်ဂိုဏ်များ၏ ဒဏ်ကို အရှေ့တောင်အာရှနိုင်ငံများအပြင် တရုတ်နိုင်ငံမှပါ ခံလာရသည့် အတွက် တရုတ်နိုင်ငံက စစ်ကောင်စီကို ဖိအားပေးလာခြင်းဖြစ်သည်။
•    ၂သောင်းတန် ထုတ်ဝေမှု ဂယက်ကို ဖုံးလွှမ်းရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများထုတ်လွှင့်လာခြင်းဖြစ်သည်။ယင်းအတည်မပြုထားသည့် သတင်းများအပေါ် ပြည်သူများ၏ တုံ့ပြန်မှုကို ကြည့်ပြီး စစ်ကောင်စီမှ ၎င်းတို့ လိုသလို ချယ်လှယ် လုပ်ဆောင်မည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly