ပုလဲ ကန့်ဒေါင့်ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်

By MTO (မဇ္စျိမ)
24 July 2023
ပုလဲ ကန့်ဒေါင့်ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်ဒေါင့်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ကန့်ဒေါင့်ရဲစခန်းကို ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးကိုးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ် Cross က ပြောသည်။

 “ ဘန်ကာထဲကို ငါးလုံးချတယ်။နောက်ပြီး ဘန်ကာဘေးက သူတို့ နားနေဆောင်တွေပေါ်ကို လေးလုံးကြဲချခဲ့တယ်။ရဲသုံးဦးထိတယ်လို့ သိရတယ်” ဟု၎င်းက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ Jammer များကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ဒရုန်းနှစ်စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ကန့်ဒေါင့်ရဲစခန်းတွင် ရဲနှင့်ပျူစောထီး ပူးပေါင်းအင်အား ၃၀ ခန့် ရှိပြီး ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် ခရီးသွားပြည်သူများအား စစ်ဆေးမှုများပြုလုပ်ခြင်း၊  မတရားငွေတောင်းခံခြင်းများ ပြုလုပ်လေ့ ရှိ ကြောင်း ဗိုလ်Crossက ဆိုသည်။

ယခုတိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ် Drone တပ်ဖွဲ့၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တပ်ခွဲ (၂)၊ ပုလဲနယ်မြေခံတပ်ဖွဲ့ နှင့် Earthquake People's Defense Force တို့ ပူး ပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် ပုလဲမြို့နယ်အတွင်း၌ စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းရှိနေပြီး ဒေသခံပြည်သူများစစ်ရေးသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required