တမူးမြို့နယ် ခါမ်းပါတ်မြို့၌ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

By ပါခွီး (မဇ္ဈိမ)
23 July 2023
တမူးမြို့နယ် ခါမ်းပါတ်မြို့၌ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းကို ဇူလိုင်လ ၂၂ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ရေးတင်းမာနေတာ လေးရက်လောက်ရှိပြီ၊ တိုက်ပွဲလည်းဖြစ်ခဲ့တယ်၊ စစ်ကောင်စီဘက်က သေဆုံး တာတော့ မသိရသေးဘူး။ ဒီဘက်ကရဲဘော် တယောက်ဒဏ်ရာရတယ်၊ ပြည်သူတယောက်ထိတယ်” ဟု PDF Tamu တပ်ရင်း(၄) မှ ခေါင်းဆောင် ဗိုလ်ခန့်က မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကို PDF – Tamu တပ်ရင်း(၄) နှင့်အတူ ၊ တမူးမြို့နယ်ကာကွယ် ရေးအဖွဲ့ (ပကဖ) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ကျောင်းသားတပ်ဦး (ABSDF) ၊ Fighter Police CDM (Tamu) ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ခေါင်းဆောင်တဦးကို ဖမ်းဆီးပြီးနောက် စစ်ရေးတင်းမာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် ခါမ်းပါတ်မြို့နှင့်ကာနန်ကျေးရွာမှ ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေရ ကြောင်း ဆိုသည်။

ယနေ့ ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှတဆင့် ခါမ်းပါတ်မြို့အနီး သို့ လူအင်အားဖြည့်တင်းနေကြောင်းသိရပြီး အခြားစစ်မျက်နှာတခုဖွင့်ရန် လုပ်ဆောင်နေခြင်းဖြစ် ကြောင်း PDF Tamu တပ်ရင်း(၄)မှ ခေါင်းဆောင် ဗိုလ်ခန့်က သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ လက်နက်ကိုင်များ အထိုင်ချတပ်စွဲထားသည့် တမူးမြို့နယ်၊ ပန်းသာရွာကို တမူးခရိုင်တပ်ရင်း(၁)က ဝိုင်းဝန်းပိတ်ဆို့ထားသည်မှာ တလကျော်ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

စာတည်း။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required