ကနီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

By လွှမ်းမိုး (မဇ္ဈိမ)
22 July 2023
ကနီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ ကနီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူကာ စောင့်ကြပ်ပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၁၉ ရက် ည ၁၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၃၀) တပ်ရင်း (DRPA) တပ်ဖွဲ့ထံမှ သိရသည်။

“ဘဏ်ရုံးရှေ့မှာ ကင်းစောင့်နေတဲ့ စစ်သားတွေ အပြင်းအထန် ထိခိုက်တာရှိတယ်၊ ဘဏ်ရုံးထဲကို ပြေးဝင်သွားတာကိုလည်း မြင်ရတယ်။ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဘူး” ဟု DRPA တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

၄၀မမ ၊ ၆၀မမ လက်နက်ကြီးများအပြင် လက်နက်ငယ်များနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါစစ်ဆင်ရေးကို ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး၏ လမ်းညွှန်ချက်ဖြင့် ယင်းမာပင်ခရိုင် အမှတ်(၃၀) တပ်ရင်း (DRPA) ၊ Black Shadow PDF ၊ Brotherhood Guerrilla Army(Yinmarbin) ၊ Salingyi Border Task Force နှင့် Eagle Defense Force တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ကနီမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၁၀၀ ခန့်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ကလည်း ကနီမြို့ရှိ ကြို့ပင်လှ ဘုရားအနီး ပတ်ကင်းထွက်လာသည့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ သုံးဦးသေဆုံးသည့်ဖြစ်ရပ်ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required