အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဘန့်ဘွေးရွာတွင် တပ်စွဲထားသော  စစ်ကောင်စီတပ်များကို တိုက်ခိုက်

By ကိုခင်မောင် (မဇ္စျိမ)
20 July 2023
အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဘန့်ဘွေးရွာတွင် တပ်စွဲထားသော  စစ်ကောင်စီတပ်များကို တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ တပ်နှင့် ပျူစောထီးများအား ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းလုလင် - LPDF တပ်ဖွဲ့ကပြောသည်။

ဇူလိုင် ၁၉ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဘန့်ဘွေးရွာမရှိ စစ်ကောင်စီတပ်များကို ဒေါင်းလုလင် - LPDF နှင့် Bant Two ထုတ်လုပ်‌ရေးအဖွဲ့ ၊ B.Two Fighters PDF ၊ B-21 ၊ Fighter One ၊ MRDA ခွဲ(၁) ၊ Double K စသည့် မဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပစ်ခတ်မှု တနာရီလောက်ကြာခဲ့ပါတယ်ဗျ။ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာပါ။ ဒါပေမယ့် ကျနော်တို့ဖက် က ကျည်အခက်အခဲကြောင့် အားနည်းခဲ့ရပါတယ်။ စစ်ကောင်စီဖက်က အထိအခိုက်တော့မသိရသေးဘူး၊ ကျနော်တို့ဖက်ကတော့ အထိအခိုက်မရှိခဲ့ပါဘူးဗျ” ဟု ဒေါင်းလုလင်-LPDF မှ ဗိုလ်ကျားကြီးက မဇ္စျိမ ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှု အခြေအနေကိုမသိရသေးသလို ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ  အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာသည် စစ်ကောင်တပ်သားများနှင့် ပျူစောထီးဆိုသူ များ အထိုင်ချတပ်စွဲထားသောကျေးရွာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို အကြိမ် ကြိမ်ခံခဲ့ရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ဘန့်ဘွေးရွာရှိ  စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှဒရုန်းဖြင့် အီနာဂါဗုံးသီးချတိုက်ခဲ့သေးကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required