လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံရပြီးနောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာနိုင်ဖွယ် မရှိတော့ဟု ဖိထာ ပြော

လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံရပြီးနောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာနိုင်ဖွယ် မရှိတော့ဟု ဖိထာ ပြော
Photo-AFP

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ပြုပြင်ပြောင်းလဲရေးသမား ဖိထာ လင်မ်ဂျရွန်ရတ်ကို ပါလီမန်အမတ်အဖြစ်မှ ဇူလိုင် ၁၉ ရက်တွင် ယာယီဆိုင်းငံ့လိုက်သည် ဖြစ်ရာ ယင်းက ရွေးကောက်ပွဲ အောင်ပွဲရပြီး နိုင်ငံ၏ ခေါင်းဆောင်သစ် ဖြစ်လာရေး ဖိထာ၏ မျှော်လင့်ချက်များအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။

ဆယ်စုနှစ်တစ်စုနီးပါးကြာ စစ်တပ် ကျောထောက်နောက်ခံပြု အုပ်ချုပ်မှုကို စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကြသည့် ထိုင်းလူငယ်နှင့် မြို့ပေါ် မဲဆန္ဒရှင်များ၏ မဲပေးမှုကြောင့် ဖိထာ၏ ရှေ့သို့ချီပါတီ (MFP) သည် မေလ ရွေးကောက်ပွဲတွင် နေရာအများစုကို အနိုင်ရခဲ့သည်။ သို့သော် မေလ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရတစ်ရပ်ဖွဲ့ရန် MFP ၏ ကြိုးပမ်းမှုများက အဟန့်အတားများနှင့် ကြုံတွေ့နေခဲ့ရသည်။

MFP ခေါင်းဆောင် ဖိထာသည် ယနေ့ ဇူလိုင် ၁၉ တွင် ၎င်း ဝန်ကြီးချုပ် ဖြစ်လာနိုင်သလား ဆိုသည်နှင့်ပတ်သက်ပြီး ဒုတိယအကြိမ် လွှတ်တော်တွင်း အကြိတ်အနယ် ဆွေးနွေးမှုများအတွက် ပါလီမန်၌ တက်ရောက်နေစဉ်မှာပင် ခုံရုံးက ၎င်းကို ဆိုင်းငံ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ပါလီမန် အစည်းအဝေးတွင် ဖိထာသည် ဝန်ကြီးချုပ်ဖြစ်ရန် လုံလောက်သည့် ထောက်ခံမဲမရရှိခဲ့ဘဲ ကြိုးပမ်းမှု အထမမြောက်ဖြစ်ထားခဲ့သည်။

“ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ပြန်မဆုံခင်အထိတော့ ဂွတ်ဘိုင်လို့ ပြောပါရစေ” ဟု အသက် ၄၂ နှစ်ရှိ ဖိထာက လွှတ်တော်အစည်းအဝေးခန်းမတွင် ပြောပြီး ရောင်းရင်းလွှတ်တော်အမတ်များ၏ ဩဘာပေးမှုနှင့်အတူ လွှတ်တော်အစည်းအဝေးခန်းမမှ ထွက်ခွာစဉ် ဖိထာက လက်သီးဆုပ် မြှောက်ပြခဲ့သည်။

MFP ပါတီ၏ စီးပွား‌ရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်နှင့် နိုင်ငံ၏ တင်းကျပ်သော တော်ဝင် အသရေဖျက်မှု ဥပဒေများကို လျော့ပေါ့စေရန် ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များအပေါ် ထိုင်း၏ ကွန်ဆာဗေးတစ် ဩဇာရှိ ရှေးရိုးဝါဒီတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည်။

မီဒီယာကုမ္ပဏီတစ်ခု၌ ရှယ်ယာများ ပိုင်ဆိုင်ခြင်းအတွက် ဖိထာကို ပါလီမန်အမတ်အဖြစ်မှ ပိတ်ပင်နိုင်သည့် တိုင်တန်းချက်တစ်ခုကို လက်ခံပြီး ရှေ့ဆက်လုပ်သွားမည်ဖြစ်ကြောင်း ခုံရုံးက ဗုဒ္ဓဟူးနေ့မနက်တွင် ပြောခဲ့ခြင်းနှင့်အတူ ဖိထာအား ဆိုင်းငံ့မှုကို ဖြစ်စေခဲ့သည်။

ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် လွှတ်တော်အမတ်များ မီဒီယာကုမ္ပဏီများ၌ ရှယ်ယာပိုင်ခြင်းအပေါ် တားမြစ်ထားသော်လည်း ယခု ဖိထာ ရှယ်ယာပိုင်ဆိုင်သည် ဆိုသော ရုပ်သံစတေရှင်သည် ၂၀၀၇ ခုနှစ်ကတည်းက ထုတ်လွှင့်မှုများ ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။

ဟားဗက် ကျောင်းဆင်းဖြစ်သလို မိသားစုပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြင့် ကြွယ်ဝသူဖြစ်သည့် ဖိထာက ထို ရှယ်ယာများ ဆိုသည်မှာ ဖခင်ဖြစ်သူထံမှ အမွေရခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ ၎င်းသည် ဤကိစ္စကို တုံ့ပြန်ရန် အချိန် ၁၅ ရက်ရသည်။

ဖိထာ ပါလီမန်အမတ်အဖြစ်မှ ဆိုင်းငံ့ခံရမှု သတင်းထွက်ပေါ်လာပြီးနောက် ၎င်းအား ထောက်ခံသူအများအပြားသည် လွှတ်တော်ဂိတ်ပေါက်များကို စောင့်ကြပ်လုံခြုံရေးယူနေသည့် အဓိကရုဏ်းနှိမ်နင်းရေး ရဲများဘက်ကို အော်ဟစ် ဆဲရေးခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့ ညနေတွင် ဘန်ကောက်မြို့လယ်ရှိ ဒီမိုကရေစီကျောက်တိုင်အနီး လူစုဝေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြောင်း ဆန္ဒပြသူများက ကြေညာထားပြီး ရဲများကလည်း မငြိမ်မသက်မှုတို့ကို ကာကွယ်ရန် ပြင်ဆင်နေသည်ဟု ပြောသည်။

“သူတို့ ခံယူချက် ဘယ်လိုပဲ ရှိရှိ၊ သူတို့အနေနဲ့ ရဲတပ်ဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းအမိန့်တွေကို လိုက်နာဖို့ လိုပါတယ်” ဟု တော်ဝင် ထိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အန်ချာယွန် ကရိုင်သောင်က ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် ဝန်ကြီးချုပ်ရာထူးအတွက် ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်မှုတွင် ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူး ရယူနိုင်ရန် လုံလောက်သည့် ထောက်ခံမှု ရနိုင်ဖွယ် မရှိဟု အစောပိုင်းက ဖိထာက ပြောသည်။

“နိုင်ငံကို အုပ်ချုပ်ဖို့က ပြည်သူ့ ဆန္ဒမဲတွေနဲ့ မလုံလောက်ဘူးဆိုတာက သိသာထင်ရှားလာပါပြီ” ဟု ၎င်းက အင်စတာဂရမ် အကောင့်တွင် ပို့စ်တင်ပြီး ပြောသည်။

“ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ဆိနိတ်တာတွေက အတည်ပြုရမှာဖြစ်ပြီး အဲဒါက သေချာသလောက်ကတော့ ဒုတိယအကြိမ် ဝန်ကြီးချုပ် အဆိုပြုမှုအတွက် လုံလောက်မှု ရှိမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

ခုံရုံး ညွှန်ကြားချက် ထုတ်ပြီးနောက် ဖိထာသည် လွှတ်တော်အစည်းအဝေးခန်းမတွင် နာရီအနည်းငယ်ကြာ ဆက်ရှိနေခဲ့ပြီး ၎င်းသည် ခန်းမမှ ထွက်ခွာရန် ညွှန်ကြားခြင်း မခံခဲ့ရပေ။

ဖိထာသည် ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆက်ရပ်တည်ခွင့် ရှိနေသော်လည်း ၎င်းသည် မဲပေးမှုများတွင် ပါဝင်နိုင်တော့မည် မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly