ချေးငွေပြန်မဆပ်ပါက ပုံစံ(၇)သိမ်းမည်ဟု ကျုံပျော်စိုက်ဘဏ်မန်နေဂျာက လယ်သမားများကို ခြိမ်းခြောက်

By မင်းထက် (မဇ္စျိမ)
17 July 2023
ချေးငွေပြန်မဆပ်ပါက ပုံစံ(၇)သိမ်းမည်ဟု ကျုံပျော်စိုက်ဘဏ်မန်နေဂျာက လယ်သမားများကို ခြိမ်းခြောက်
Photo. Mizzima(ပုံဟောင်း)

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းရှိ လယ်သမားများအား ချေးငွေများပြန်မဆပ်ပါက မြေ ယာလုပ်ပိုင်ခွင့် ပုံစံ(၇)သိမ်းမည်ဟု စိုက်ဘဏ်မန်နေဂျာ ဦးကြည်လွင်က ခြိမ်းခြောက်နေကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

လယ်သမားများသည် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူစဉ်အချိန်က မြေပိုင်ဆိုင်မှုအထောက်အထားဖြစ် သည့် ပုံစံ(၇)ကို စိုက်ဘဏ်တွင် အပ်နှံခဲ့ရသည်။

ယခုအခါ ချေးငွေများပြန်မဆပ်ပါက လယ်သမားများအပ်နှံခဲ့သည့် ပုံစံ(၇)ကို အပြီးသိမ်းဆည်းပြီး လယ် ယာမြေလုပ်ပိုင်ခွင့် ရုတ်သိမ်းမည်ဟု ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ကျုံပျော်ဒေသခံ တောင်သူ တဦးက ပြောသည်။

“စာထုတ်ဆင့်ခေါ်ပြီး မျိုးစုံခြိမ်းခြောက်နေတာဗျ။ ကျွန်တော်တို့က ချေးငွေတွေပြန်ဆပ်ချင်ပေမဲ့ အဆင် မပြေသေးလို့ ခဏစောင့်ပေးပါလို့ပြောတာကို စိုက်ဘဏ်မန်နေဂျာက မရဘူး၊ မရှိရင် ရှာဆပ်ရမယ်လို့ အတင်းအကျပ်ပြောပါတယ်” ဟု ၎င်းကဆိုသည်။

ငွေရှာမရပါက ၎င်းထံမှ ငါးကျပ်တိုးဖြင့် ငွေထုတ်ချေးမည်ဖြစ်ပြီး ငွေထုတ်ချေးသည့်အခါတွင်လည်း တောင် သူများကိုယ်တိုင် မလာနိုင်ပါက ကိုယ်စားလှယ်ခ ၂,၀၀၀ ကျပ်ပေးမှသာထုတ်ပေးမည်ဟု စိုက် ဘဏ်မန်နေဂျာ ဦးကြည်လွင်က ပြောဆိုခဲ့ကြောင်း ဒေသခံတောင်သူက ပြောသည်။

ထို့အပြင် စိုက်ဘဏ်ချေးငွေစာအုပ်များ၌ ရေးစရာပြည့်နေသည့်အတွက် လယ်သမားများက စာအုပ် အသစ်လဲလိုကြောင်း ပြောသည့်အခါ ဘဏ်ချေးငွေစာအုပ် တစ်အုပ်လျှင် ၂,၀၀၀ ကျပ် ပေးမှသာ လဲပေးမည်ဟုပြောဆိုခဲ့သည်ဟု တောင်သူက ပြောသည်။

“မီးမလာလို့ မီးစက်မောင်းရတာကအစ လယ်သမားတွေဆီက ပိုက်ဆံတောင်းတယ်။ ၂၀၂၂ ဆောင်းစပါး အတွက် ဘဏ်ချေးငွေတွေကို ပြန်ဆပ်တဲ့အခါမှာလည်း တချို့ကိုတရားဝင်ချလံထုတ်ပေးပြီး တချို့လယ် သမားတွေကို ကောက်ခံရငွေ အသေးစိတ်စာရင်းလို့ခေါ်တဲ့ စာရွက်နဲ့ပဲ ငွေကိုလက်ခံပြီး ပြန်ပေးပါတယ်” ဟု ကျုံပျော် ဒေသခံတောင်သူတဦးက ပြောသည်။

မြို့နယ်စိုက်ဘဏ်မန်နေဂျာသည် စိုက်ပျိုးစရိတ်ချေးငွေများအား တောင်သူလယ်သမားများထံမှ ခြိမ်း ခြောက်တောင်းနေပြီး၊ ငွေချေးပေးမည်ဆိုကာ အတိုးကြီးကြီးဖြင့် စီးပွားရှာခြင်း၊ နည်းအမျိုးမျိုးဖြင့် ငွေ ကြေးမတရားကောက်ခံခြင်းများပြုလုပ်နေသည့်အတွက် ကျုံပျော်မြို့နယ်အတွင်းရှိ တောင်သူလယ် သမားများ အခက်တွေ့နေသည်ဟု ၎င်းကပြောသည်။

စိုက်ဘဏ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ တစ်နှစ်လျှင်နှစ်ကြိမ် ထုတ်ချေးပေးလေ့ ရှိပြီး တစ်ဧကလျှင် ၁၅၀,၀၀၀ ကျပ်နှုန်းဖြင့် ၁၀ ဧကအထိ ထုတ်ချေးပေးခြင်းဖြစ်သည်ဟု သိရသည်။

ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခံထားရသော တိုင်းဖြစ်ပြီး ယခုကဲ့သို့ မြေပိုင်ဆိုင်မှု အထောက်အထားပုံစံ(၇)သိမ်းယူကာ လယ်ယာမြေလုပ်ပိုင်ခွင့် ရုတ်သိမ်းမည်ဆိုပါက လယ်သမားအများ အပြားဒုက္ခရောက်နိုင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးက သုံးသပ်သည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly