အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် ထောင်လွတ်ရက်စေ့ပြီးနောက် ပျောက်ဆုံးအဆက်အသွယ်ပြတ်

By 007 (မဇ္ဈိမ)
14 July 2023
အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် ထောင်လွတ်ရက်စေ့ပြီးနောက် ပျောက်ဆုံးအဆက်အသွယ်ပြတ်
Photo - MICS-TUSF အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsf) အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်သည် ထောင်လွတ်ရက်စေ့ပြီး နောက်ပိုင်း ပျောက်ဆုံးအဆက်အသွယ်ပြတ်နေသဖြင့် မိသားစုက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

“လွတ်ရက်စေ့ပြီး မိသားစုနဲ့ အဆက်အသွယ်မရ ဖြစ်နေတယ်။ ပြန်လွတ်မယ်လို့သိရလို့ သူ့မိသားစုကထောင်ရှေ့သွားစောင့်သေးတယ်။ထောင်ဘက်ကိုစုံစမ်းကြည့်တော့  ဇွန် ၂၆ ရက်နေ့က ပြန်လွှတ်ပေးလိုက်တယ်လည်း ပြောတယ်။  နောက်ပြီးတော့ ထောင်ပြောင်းတယ်လို့လည်း ပြောတယ်။  အခုထိတော့ ဘာအဆက်အသွယ်မှမရဘဲ ပျောက်နေလို့ မိသားစုကစိတ်ပူပန်နေကြတယ်” ဟု မိသားစုနှင့်ရင်းနှီးသူတစ်ဦးကပြောသည်။

ကိုသက်နှင်းအောင်ကို  ပြီးခဲ့သည့်ဇွန်လ ၂၆ ရက်နေ့က ထောင်မှ ပြန်လွှတ်ပေးမည်ဟူ‌ေသာ သတင်းအရ မိသားစုက သွားစောင့်ကြိုခဲ့ကြောင်း၊ သို့သော် တစ်နေကုန်သည်အထိ ပြန်လွတ်လာခြင်းမရှိကြောင်း၊ ထောင်အာဏာပိုင်များထံ စုံစမ်းကြည့်ရာတွင် မရေမရာစကားများဖြင့်သာ ပြန်တုံ့ပြန်ခဲ့ကြောင်း သိရသည်။

“သူ့ကိုထောင်ချတော့ ချုပ်ရက်တွေပါ ပေါင်းထည့်ပေးတော့ ပြီးခဲ့တဲ့လကလွတ်ရက်စေ့တယ်။  ထောင်တွင်းသတင်းအရ လွတ်မယ့်ရက်က သူ့မိသားစုက ထောင်ရှေ့သွားစောင့်ပေမယ့် မတွေ့ခဲ့ရဘူး။ အခု အဲဒီကိစ္စနဲ့ ILO(အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့)ကလည်း သဘောထားထုတ်ပြန် ထားတာရှိတယ်” ဟုလည်း ၎င်းကဆိုသည်။

ကိုသက်နှင်းအောင် ပျောက်ဆုံးအဆက်အသွယ်ပြတ်နေမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)၏ ဘန်ကောက်ရုံးက စိုးရိမ်ကြောင်းနှင့်အမြန်ဆုံးပြန်လွှတ်ပေးရန် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ရက်က  ကြေညာချက်ထုတ်တိုက်တွန်း ထားသည်။

ကရင်ပြည်နယ် မြဝတီမြို့၌ ရှောင်တိမ်းနေသည့်   ကိုသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ် ဇွန်လတွင်စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ထို့နောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲကာ  ယမန်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်နှစ် အပြင် ငွေဒဏ် ကျပ် ၂၀,၀၀၀ ချပြီး  သထုံအကျဉ်းထောင်တွင် အကျဉ်းချခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required