ဘင်္ဂလားဒေ့ရှ်တွင် ‘အတင်းအကျပ် အစဖျောက်မှုများ’ အပေါ် လူထောင်ချီ ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်တွင် ‘အတင်းအကျပ် အစဖျောက်မှုများ’ အပေါ် လူထောင်ချီ ဆန္ဒပြ
Photo-AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အစိုးရ အာဏာရနေသည့် ၁၅ နှစ်နီးပါးကာလအတွင်း လုံခြုံရေးတပ်ဖွဲ့များ၏ အဓမ္မခေါ်ဆောင်ခြင်းကို ခံရပြီး ပျောက်ဆုံးသွားသည် ဆိုသော လူရာနှင့်ချီတို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို တောင်းဆိုရင်း ဩဂုတ် ၃၀ ရက်က ဆန္ဒပြသူ ထောင်နှင့်ချီတို့က ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အတင်းအကျပ် အစဖျောက်ဖျက်ခံရသူများဆိုင်ရာ နိုင်ငံတကာနေ့ဖြစ်သည့် ယမန်နေ့ ဩဂုတ် ၃၀ ရက်တွင် အတိုက်အခံ  ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ထောက်ခံသူများနှင့် ၎င်းတို့၏ မဟာမိတ်များသည် နိုင်ငံတွင် ပျောက်ဆုံးနေသူများ၏ မိသားစုများနှင့်အတူ ပူးပေါင်းလျက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ အများအပြားသည် ပါးစပ်များကို အနက်ရောင်အဝတ်စများဖြင့် စည်းထားကြသည်။

အတင်းအကျပ် အစဖျောက်မှုများ၊ တရားလက်လွတ် သတ်ဖြတ်မှုများနှင့် ပတ်သက်သော စွပ်စွဲချက်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက ငြင်းဆန်ပယ်ချထားပြီး ပျောက်ဆုံးနေသည် ဆိုသူများအနက် တချို့သည် ဥရောပသို့ သွားရောက်ရန် ကြိုးပမ်းရင်း မြေထဲပင်လယ်၌ ရေနစ်သေဆုံးသွားသူများဖြစ်ကြောင်း ပြောသည်။

ဘင်္ဂလားဒေ့ရှ်တွင် ဇန်နဝါရီလကုန်၌ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပရန် ရှိနေစဉ် ဝေဖန်မှုများကို အသံတိတ်စေရန်နှင့် နိုင်ငံရေး သဘောထားကွဲလွဲမှုများကို ချေမှုန်းရန် ဟာစီနာ အစိုးရ၏ ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် ပြည်ပအစိုးရများက ကာလကြာကတည်းက ထုတ်ဖော်ထားကြသည်။

“ခုဟာက စိုးရိမ်ရတာတင် မကပါဘူး။ မနက် အိမ်ယာကနိုးတိုင်း တော်တော့်ကို ကြောက်လန့်နေမိတယ်” ဟု BNP ပါတီဝင်တဦးဖြစ်သည့် ဟူမန် ကွာဒါ ချောက်ဟ်ရီက က ပြောသည်။

၎င်းသည် လုံခြုံရေးတပ်ဖွဲ့များ၏ ခုနစ်လတာ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။

၎င်း ထိန်းသိမ်းခံရစဉ်အတွင်း လုံခြုံရေးအရာရှိတဦးက ၎င်းကို ထိန်းသိမ်းထားခြင်း မရှိဟု ရုပ်သံတခုတွင် ပြောဆိုသည်ကို တွေ့ခဲ့ရကြောင်း ချောက်ဟ်ရီက မြို့တော် ဒါကာရှိ ဆန္ဒပြသူများကို ပြောသည်။

ဆန္ဒပြပွဲတွင် အသက် ၁၀ နှစ်အရွယ် မာရီယမ် ဘူရှ်ရာကလည်း သူမ၏ ပျောက်ဆုံးနေသော ဖခင်ဖြစ်သည့် အတိုက်အခံ တက်ကြွလှုပ်ရှားသူ၊ ရှေ့နေ အာမက်ဒ် ဘင် ကွာဆမ်၏ ဓာတ်ပုံကို ကိုင်ဆောင်ထားခဲ့သည်။

“ကျွန်မ အဖေ ကျွန်မတို့ဆီ ပြန်လာတာကိုပဲ လိုချင်ပါတယ်” ဟု သူမက ပြောသည်။

ဘင်္ဂလားဒေ့ရှ်တွင် ဟာစီနာ အစိုးရ ၂၀၀၉ ခုနှစ်က အာဏာရပြီးနောက် လုံခြုံရေးတပ်ဖွဲ့များသည် လူ ၆၀၀ ကျော်ကို အတင်းအကျပ် အစဖျောက်ပစ်ခဲ့ပြီး အခြား လူ ၁၀၀ နီးပါးလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly